စစ်ပြေးဒုက္ခသည်များ မိသားစုလိုက် မြို့ပေါ်ဒေသများသို့ တိမ်းရှောင်

စစ်ပြေးဒုက္ခသည်များ မိသားစုလိုက် မြို့ပေါ်ဒေသများသို့ တိမ်းရှောင်
by -
အားမီ

ကချင်ပြည်နယ်တွင်း အစိုးရတပ်ဖွဲ့များနှင့် ကချင်ပြည် လွတ်လပ်ရေးတပ်မတော် (KIA) တို့ အကြား တိုက်ပွဲများဖြစ်ပွားမှုကြောင့် ဒေသတွင်း ဒုက္ခသည်များ မြို့ပေါ်သို့ မိသားစုအလိုက်ထွက် ပြေး တိမ်းရှောင် လာကြသည်ဟုသတင်းရရှိသည်။

မြစ်ကြီးနားမြို့ပေါ်ရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်း တစ်ကျောင်းတွင် လာရောက်ခိုလှုံသူများအား ဘုရားရှိခိုးကျောင်းမှ တာဝန်ယူစောင့်ရှောက်ထားသည်ဟု ဘုရားကျောင်း တာဝန်ရှိသူတဦးက ယခုလိုပြောသည်။

“အခု ဒီဘုရားကျောင်းမှာက  (၁၀၇) ယောက်ရှိတယ်။  သူတို့ရဲ့စားရေးသောက်ရေးက တော့ ဘုရားကျောင်းကနေပဲ မတည်တာပေါ့နော်။ အခုဘုရားကျောင်းမှာက တရက်ကို ကျပ် (၇၀၀၀၀) သုံးဖို့ ဆိုပြီး သတ်မှတ်ထားတယ်။ အဲ့ဒါနဲ့ မနက်ည ချက်ပြုတ်ကျွေးမွေး နေတယ်။ နောက် အသင်းသားတွေ တချို့ကဆန်လာပေးတယ်၊  ဆီလာပေးတာရှိတယ်။ လာပေး တာတွေ အားလုံးပေါင်း ချင့်ချိန်ပြီးမှ ကျွေးမွေးနေရတယ်။”

ယင်း ဘုရားကျောင်းသို့ လာရောက်ခိုလှုံသူများမှာ မြစ်ကြီးနားမှ KIO ဌာနချုပ် အခြေစိုက်ရာ လိုင်ဇာမြို့သို့သွားသည့် လမ်းကြောင်းပေါ်ရှိ ကျေးရွာများမှဖြစ်ပြီး မြစ်ကြီးနားမြို့တွင် အသိ မိတ်ဆွေ မရှိသူများဖြစ်သည်။ ထို့အပြင် အများစုမှာ ကလေးငယ်နှင့် အမျိုးသမီးများဖြစ်၍ အိမ်ထောင်စု (၃၀)ကျော် ရှိကြောင်း သိရသည်။ 

တိုက်ပွဲဖြစ်ပွားစဉ်က ထွက်ပြေးတိမ်းရှောင်လာပြီး  ယင်းဘုရားကျောင်းတွင် ခိုလှုံနေသည့် ကဇွပ်ကျေးရွာမှ ဒုက္ခသည် တစ်ဦးကလည်း ယခုအခါ ကျေးရွာများတွင် အမျိုးသားများသာ ကျန်ရှိတော့သည်ဟု ယခုလိုပြောသည်။ 

“တိုက်ပွဲဖြစ်လို့ကြောက်ပြီး အိုးအိမ်တွေ အကုန်စွန့်ထားခဲ့ပြီး ပြေးလာတာ။ နောက်ပိုင်း ဘာဖြစ် ကျန်ခဲ့တယ်ဆိုတာ မသိတော့ဘူး။ တရွာလုံး နီးပါးလွတ်ရာပြေး ကုန်တာ၊ လယ်လုပ်တဲ့ ယောကျ်ား တွေ လောက်ပဲ တောထဲမှာပုန်းခဲ့တယ်။  ကျမကဒီကို ၂၀ ရက်နေ့ က ရောက်တယ်။ ဒီကိုနေ့တိုင်း ဒုက္ခသည် ရောက်တယ်။ ထပ်တိုးလာတာပဲ တွေ့တယ်။”

အလားတူ အခြား ဘုရားကျောင်းတခုဖြစ်သည့် ဇီးလွန်ရပ်ကွက်ရှိ ဘုရားရှိခိုးကျောင်းတွင်လည်း စစ်ပြေးဒုက္ခသည်များ ရောက်ရှိနေပြီး မြို့ပေါ်ရပ်ကွက်အသီးသီးမှ ဒေသခံများက အဝတ်အစား၊ ခြင်ထောင်နှင့် အစားအသောက်များ ထောက်ပ့့ံပေးနေကြောင်း ဧရာရပ်ကွက်မှ သွားရောက်ကူညီ ခဲ့သူ တစ်ဦးက ယခုလိုပြောသည်။

“ကျနော်တို့ အိမ်က ဒီမနက်ပိုင်းမှာ ဇီးလွန်ဘုရားကျောင်းကို သွားပြီး ဆန်သွားပို့တယ်။ နောက် အဝတ်အစားတွေနဲ့ စောင်တွေသွားပို့တယ်။ အဲ့လိုပဲ အားလုံးက ဝိုင်းပြီး ထောက်ပံ့နေကြတယ်။ ခေမာသီရိဖက်က လူတွေလည်း လာပို့တာ တွေ့တယ်။”

ယနေ့နံနက်တွင် ကချင်ပြည်နယ်၊ လူမှုရေးဝန်ကြီး ဒေါ်ဘောက်ဂျာက ဒုက္ခသည်ကလေးငယ်များ၏ ကျောင်းကိစ္စရပ်များအတွက် မစိုးရိမ်ရန်နှင့် အားမငယ်ကြရန်လာရောက်ကြည့်ရှုအားပေးခဲ့ပြီး ဆန်(၁၀)အိတ်နှင့် အခြားအသုံးအဆောင် ပစ္စည်းများကို လာရောက်ပေးလှူသွားသည်ဟု သိရသည်။

ဒေသတွင်း တိုက်ပွဲများကြောင့် တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့သို့ ထွက်ပြေးလာသည့် ဒုက္ခသည်ဦးရေ ၈၀၀၀ ခန့် အပါအဝင် နယ်စပ်တဝိုက်ရှိ KIA ထိန်းချုပ်ဒေသများသို့ ရောက်ရှိ လာသည့် ဒုက္ခသည် ဦးရေပေါင်း တစ်သောင်းခုနှစ်ထောင်ကျော် ရှိသည်ဟု KIO အဖွဲ့ ပြောရေး ဆိုခွင့်ရှိသူဦးလနန်ကပြော သည်။

ထို့အပြင် မြစ်ကြီးနား မြို့ပေါ်သို့ ထွက်ပြေးရောက်ရှိလာသူ သောင်းဂဏန်းခန့် ရှိသည်ဟုသတင်းရ ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။ 

“မြို့နဲ့နီးတဲ့ လူထုတွေက မြို့ထဲပြေးဝင်ပြီးတော့မှ သူများအိမ်မှာ လိုက်နေကြတာ။ အဲ့ဒါကို အစိုးရက ဧည့်စာရင်းကလိုက်ပြီး စစ်တော့ တချို့က ဘုရားကျောင်းတို့၊ ဘုန်းကြီးကျောင်းတို့၊ ဓမ္မာရုံတို့မှာ စုပြီးသွားနေကြတာ။ အခြေအနေက တော်တော်လေးဆိုးတယ်။  ရပ်ကွက်တိုင်းမှာတော့ ရပ်ကွက်တစ်ခုမှာ (၈၀)၊ (၁၀၀) အဲ့ဒါတွေ အားလုံးပေါင်းလိုက်ရင်တော့ ထောင်ကြီိးသောင်းဂဏန်း အဲ့ဒီပတ်ဝန်းကျင် ရှိနိုင်တယ်။”

ယနေ့နံနက်တွင် အစိုးရနှင့် ကချင်ပြည်လွတ်လပ်ရေး တပ်မတော်တို့ ဒေသတွင်း ငြိမ်းချမ်းရေး အတွက်ပဏာမ  တွေ့ဆုံ ဆွေးနွေးခြင်း ကို  ပြုလုပ်ခဲ့သော်လည်း ဒုက္ခသည်များအရေး နှင့် ပတ်သက်၍ ဆွေးနွေးခြင်း မပြုနိုင်သေးကြောင်း KIO ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောသည်။

Most read this week