တရုတ်နှင့် မြန်မာ ကျောက်ကုန်သည်များ အချင်းများရာမှ ရုန်းရင်းဆန်ခတ်ဖြစ်ပွား

တရုတ်နှင့် မြန်မာ ကျောက်ကုန်သည်များ အချင်းများရာမှ ရုန်းရင်းဆန်ခတ်ဖြစ်ပွား
by -
ဇော်ကြီး

မြန်မာပြည် အလယ်ပိုင်း မန္တလေးမြို့ရှိကျောက်မျက် အရောင်း အဝယ် ပြုလုပ်သည့် စျေးကွက် အတွင်း မြန်မာနှင့် တရုတ် ကျောက်ကုန်သည် အချင်းများ ရာမှ အာဏာပိုင်နှင့် လူထု ရုန်းရင်း ဆန်ခတ်ဖြစ်ပွား ခဲ့သည်။

စရံငွေလည်း မချေထားသည့်အပြင် ကျောက်စျေးနိမ်၍ ၀ယ်ယူသည်ကို မရောင်းခဲ့သည့် မြန်မာ ကုန်သည်ကို တရုတ်ကျောက်ကုန်သည်များက အခန်းတံခါး ပိတ်၍ ၀ုိင်းဝန်းထိုးနက်ရာမှ ပြဿနာ ဖြစ်ပွားခဲ့သည်ဟု မျက်မြင်တစ်ဦးက ပြောသည်။

“အစောပိုင်းကတော့ ဘာမှန်းမသိကြဘူး။ နောက်တော့မှ သူတို့ကို ပစ္စည်း မရောင်းလို့ ထိုးတာဆိုပြီး သိလည်း သိသွားရော ဗမာတွေက သူတို ့(တရုတ်ကုန်သည်တွေ) ကို ၀ုိင်းပြီးတော့ ၀င်ထိုးကြတာပေ့ါ။ အဲဒီတော့ သူတို့က တံခါးတွေဘာတွေ ပိတ်ပစ်လိုက်ပြီး ရဲစခန်းကိုအကြောင်းကြားတယ် ခင်ဗျ။”

မဟာအောင်မြေ မြို့နယ်ရှိ အမှတ် (၃၉)လမ်း၊ ၈၇ နှင့် ၈၈ လမ်းကြားရှိ ကျောက်ဝိုင်းအတွင်း ယနေ့ နံနက် (၉) နာရီ အချိန်က စတင် ဖြစ်ပွားခဲ့ပြီး လူစုခွဲရန် လာရောက်သည့် ဒေသခံ အာဏာပိုင် အဖွဲ့ နှင့် ပထမအကြိမ် ရုန်းရင်း ဆန်ခတ်ဖြစ်ပွားခဲ့သည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

“သူတို့က တုတ်တွေဘာတွေနဲ့လည်း ရိုက်ရော အဲဒီမှာ ရှေ့ကလူတွေက အစကတည်းက မတရားတာကို သိနေတော့ ဒေါသထွက်ပြီး ရဲတွေကို ပြန်ပြီးတော့ ပစ်ပေါက်တာတို့ ဆဲတာတို့ လုပ်တော့ ရဲတွေ အကုန် ပြန်ထွက်ပြေးသွားတယ်။”

ထို့နောက် (၁၅)မိနစ်ခန့် အကြာ၌ အင်အားပိုမိုများပြားသည့် ရဲတပ်ဖွဲ့ဝင်များ ထပ်မံရောက်ရှိ လာပြီးဒုတိယ အကြိမ် လူစုခွဲခိုင်းရာမှ ပြဿနာ ပိုမို ကြီးမားခဲ့သည်ဟု “အဲဒီအချိန်မှာ ဘေးက ၀ုိင်းကြည့်နေကြတဲ့လူအုပ်တွေ က ကမ္ဘာမကျေသီချင်းဆိုကြတာတို့၊ ဇာတိမာန် သီချင်းဆိုကြ တာတို့ လုပ်နေကြတာပေ့ါ။ ရဲတွေကိုလည်း မင်းတို့က ဘာတုန်းတဲ့ တရုတ်လုံခြံုရေး ရဲဌာနကလား ဘာညာဆိုပြီး အကုန်လုံး ၀ုိင်းပြောတဲ့ အချိန်မှာ ရဲတွေက မကျေနပ်ဘဲ ၀ုိင်းကြည့်တဲ့ သူတွေကို ရိုက်တော့ ဒီကလည်း အကုန်လုံး ၀ုိင်းပြီးတော့ပစ်ပေါက်ကြ တာပေ့ါ။ ပစ်ပေါက်ကြတော့ သူတို့က တရုတ်ကုန်သည်တွေကို ခေါ်ထုတ်ပြီး ပြန်ထွက်သွားကြတယ် ခင်ဗျ။” ဟု အဆိုပါမျက်မြင်က ဆက်လက် ပြောဆိုသည်။

အထက်ပါ ရုန်းရင်း ဆန်ခတ် ဖြစ်ပွားမှုကြောင့် နှစ်ဖက် ထိခိုက်ဒဏ်ရာရသူ အချို့ရှိ သော်လည်း သေဆုံးသူ မရှိသေးကြောင်း သိရသည်။

လောလောဆယ်တွင် ယင်းနေရာအား ၀င်ထွက်သွားလာခွင့် ပိတ်ပင်ထားကာ ရဲကား(၇)စီးနှင့် အချုပ်ကားများ ရောက်ရှိနေပြီး လုံခြံုရေး တင်းကြပ်စွာ ချထားသည်ဟု သိရသည်။ သို့သော် ယနေ့မွန်းလွဲ (၂) နာရီ အချိန်ခန့်အထိ လာရောက်ကြည့်ရှူသည့် လူထု အများအပြား ကျန်ရှိနေသေးကြောင်း မျက်မြင်က ပြောသည်။

ယခု ဖြစ်ရပ်နှင့် ပတ်သက်၍ မန္တလေးမြို့ မဟာအောင်မြေ အမှတ်(၇) ရဲစခန်းမှ တာဝန်ရှိသူ တဦးကအတည်ပြု ပြောဆိုသော်လည်း အသေးစိတ်ကို ဖြေကြားရန် ငြင်းဆန်ခဲ့သည်။

ရိုက်နက်ခံရသည့် မြန်မာကုန်သည်အား အာဏာပိုင်တို့က ခေါ်ယူမေးမြန်းစစ်ဆေးနေသည်ဟု သိရသော်လည်း သီးခြား အတည်ပြုချက် မရသေးပါ။

Most read this week