မြန်မာအစိုး ဆန့်ကျင်ဆန္ဒပြပွဲများ နိုင်ငံတကာ တွင် ကချင်များပြုလုပ်

မြန်မာအစိုး ဆန့်ကျင်ဆန္ဒပြပွဲများ နိုင်ငံတကာ တွင် ကချင်များပြုလုပ်
by -
ကချင်သတင်းဌာန

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)အားမြန်မာ အစိုးရစစ်တပ်မှထိုးစစ်ဆင်မှုများရပ်တန့် ပေးရန် ပြည်ပရောက် ကချင်တိုင်းရင်းသားများမှမြန်မာ သံရုံးများရှေ့တွင် ဇွန် ၂၄ရက်နေ့ကဆန္ဒပြခဲ့ကြ သည်။

kachin_protest_australia

မလေးရှား၊ နယ်သာလန်၊ အင်္ဂလန်၊ အမေရိကန်၊ ဗြိတိန်၊ သြစတေးလျ၊ အိန္ဒိယ၊ ဂျပန် စသည့် နိုင်ငံများတွင် ပြည်ပရောက် ကချင်တိုင်းရင်းသားအယောက် (၁၀၀၀) နီးပါးခန့်ပါဝင် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

“ကျတော်တို့ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ မြန်မာစစ်အစိုးရလုပ်နေတဲ့ လုပ်ရပ်ကိုကျတော်တို့ ကချင်တွေ လက်မခံနိုင်တာကိုကမ္ဘာကသိစေချင်တဲ့ အကြောင်းရင်းနဲ့ ပြခြင်းဖြစ်ပါတယ်။ မြန်မာကထိုးစစ်ဆင်မှုကို ရပ်တန့်ပေးဖို့ ဖြစ်ပါတယ်။” ဟု သြစတေးလျနို်င်ငံတွင် ဆန္ဒပြ ပါဝင်ခဲ့သူ ဦးအောင်ဒန်ကပြောသည်။

kachin_protest_australia

ဆန္ဒပြ တောင်းဆိုမှုများတွင် ကချင်ပြည်နယ်တွင် တည်ဆောက်နေသည့် ရေကာတာစံမံကိန်းများ ရပ်တန့် ပေးရန်၊ လူ့အခွင့်အရေးချိုးဖောက်မှုကိုရပ်တန့်စေရန်၊ ကချင်တိုင်းရင်းသားများ၏ ရပိုင်ခွင့်များ ရရှိရန်အတွက် တောင်းဆိုမှုများ ပြုလုပ်ခြင်း ဖြစ်သည်။

တစ်ဆက်တည်းမှာပင် ကချင်စစ်ပြေးဒုက္ခသည်များအား တရုတ်အစိုးရမှ လက်ခံပေးရန်လည်း တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။

“စစ်ပြေးဒုက္ခသည်တွေကို တရုတ်ပြည်ဘက်သို့ ခိုလှုံခွင့်ရဖို့။ စစ်ဘေးဒုက္ခခံနေရသုူများကိုကူညီစေဖို့က အဓိကပေ့ါ။” ဟု ဦးအောင်ဒန်မှ ဆက်ဆိုသည်။

အိန္ဒိယ နိုင်ငံတွင်လည်း ကချင်စစ်ပြေးဒုက္ခသည်များအား နိုင်ငံတကာအနေဖြင့် အကူအညီပေးရန် အတွက် ဆန္ဒပြခဲ့ကြကြောင်းသိရသည်။

ဇွန်လ (၉)ရက်နေ့မှ စတင်ပစ်ခတ်လာသည့် စစ်ရေးကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် ဒုက္ခသည် အယောက် ၂သောင်းကျော် ရှိသည်။ KIOမှ ၎င်းတို့ ထိန်းချုပ်နယ်မြေတွင် ဒုက္ခသည် စခန်းများစီစဉ်ပေးကာ ပညာရေး၊ ကျန်းမာရေး၊ အစားအသောက်အတွက် တက်နိုင်သည့်ဘက်မှ ကူညီစောင့်ရှောက်ပေးနေခြင်းဖြစ် သည်။

Most read this week