လိုင်ဇာဒုက္ခသည်စခန်းမှ ကျောင်းသားများ စာသင်ရန် အခက်အခဲရှိနေ

လိုင်ဇာဒုက္ခသည်စခန်းမှ ကျောင်းသားများ စာသင်ရန် အခက်အခဲရှိနေ
by -
ကချင်သတင်းဌာန

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဗဟိုဌာနချုပ် လိုင်ဇာမြို့ရှိ စစ်ပြေးဒုက္ခသည် ကျောင်းသားများ ကျောင်းဆက်တက်နေရသော်လည်းစာရေးကိရိယာ မလုံလောက်မှုအခက်အခဲများ ဖြစ်ပေါ်နေသည်ဟု ကျောင်းဆရာတစ်ဦး ပြောသည်။

“မြေဖြူလောက်တော့ ရှိတယ်။ စာအုပ်မရှိကြဘူး၊ ရှိတာကို ချိချိနဲ့နဲ့ သုံးနေကြတယ်။ စာရေးကိရိယာတွေ မရှိတော့ အဆင်မပြေကြဘူး။ အဲ့တာကြောင့် ဆရာက မှာလိုက်တယ် ဦးနှောက်မှာ ပဲ ထည့်မှတ်ကြလို့ ပြောလိုက်တယ်။”
kachin_refugee_laiza
ဒုက္ခသည် စခန်းမှ ကျောင်းသားဦးရေ (၄၁၂) ဦးရှိပြီး လိုင်ဇာအနီး မြန်မာစစ်တပ် ထိန်းချုပ်နယ်မြေရှိ လဝါယန်ကျောင်းနှင့် မိုင်ဆပ်ပါကျောင်းမှ ကျောင်းသားဦးရေ (၁၈၀)ဦး ရှိသည်။

၎င်းကျောင်းသားများအား လိုင်ဇာ အထက်တန်းကျောင်း၊ အလယ်တန်းနှင့် သာသနာကျောင်းတို့တွင် မနက်၊ ညကျောင်းချိန် နှစ်ချိန် ခွဲကာ ကျောင်းတက်စေသည်။

KIO ပညာရေးကျောင်းများအား ဇွန်လ (၁၄)ရက်နေ့မှ (၆)ရက်ကြာ ခေတ္တ ပိတ်ပင်ထားပြီး KIO ပညာ ရေးဌာနမှ ပြန်လည်ဖွင့်ပေးခဲ့ခြင်းဖြစ်သည်။ သို့သော် KIA တပ်မဟာ (၃)ရှိ မိုင်ဂျာယန်အထက် တန်းကျောင်းကိုမူ ပိတ်ထားဆဲ ဖြစ်သည်။

“ဇွန်၂၅ရက်နေ့မှာ ဗဟိုဌာနချုပ်နဲ့ တိုင်ပင်ပြီး မိုင်ဂျာယန်ကျောင်း ပြန်ဖွင့်မဖွင့်ကို ဆုံးဖြတ်ပေးမှာ ဖြစ်တယ်။” ဟု မိုင်ဂျာယန် ကချင်အလင်း (WPN) အဖွဲ့ဝင်မှ ပြောသည်။

ကျောင်းသားများအရေး ဆောင်ရွက်ပေးနေသည့် တာဝန်ရှိသူများမှာ လိုအပ်သည့်သင်ထောက်ကူပစ္စည်း များနှင့် စာရေးကိရိယာများ ပေးကမ်းလိုသည့် စေသနာရှင်များအား အစီရင်ခံစာ ထုတ်ဝေရန်လည်း စီစဉ်နေသည်။

Most read this week