ကချင်စစ်ပြေးဒုက္ခသည်များ တရုတ်နယ်စပ်သို့ ထွက်နေဆဲ

ကချင်စစ်ပြေးဒုက္ခသည်များ တရုတ်နယ်စပ်သို့ ထွက်နေဆဲ
by -
ကချင်သတင်းဌာန

ကချင်လွတ်လပ်ရေးတပ်ဖွဲ့ (KIA)နှင့်မြန်မာ စစ်တပ်တို့၏ စစ်ပွဲမငြိမ်မသက်မှုကြောင့် ဒုက္ခသည်များ ဆက်လက်ထွက်ပြေးတိမ်းရှောင် နေဆဲဖြစ်သည်။

လိုင်ဇာမြို့တွင် မျိုးလောတ်ဝံလီးစခန်း၊ မနောဝင်းစခန်း၊ နံပတ်(၃) စျေးကွက် စခန်း၊ ဖုံလုံယန် စခန်း၊ နောင်ဧခူးစခန်းစသည့် ဒုက္ခသည် စခန်း (၅)ခု၌ ဇွန် (၂၁)ရက်နေ့ KIO စာရင်းအရ (၁၃၀၀၀)ကျော်ခိုလှုံ နေကြောင်း ၎င်းစခန်းတွင် ဆေးကုသပေးနေသည့် ဆရာဝန် တစ်ဦးဆိုသည်။

kachin-refugee-laiza
မြန်မာအစိုးရထိန်းချုပ်နယ်မြေမှ တရုတ်နယ်စပ် ကေအိုင်အို ဌာနချုပ် လိုင်ဇာသို့ထွက်ပြေးရောက်ရှိ နေသော ကချင်ဒုက္ခသည်များ။

ယင်းဒုက္ခသည်များအား ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)မှ တစ်ယောက်လျင် တစ်နေ့ ဆန် နို့ဆီခွက် (၂)လုံးပေးကာ၊ ကျန်းမာရေးအတွက်လည်း ဒေသခံ (NGO)များမှ ဆေးဝါးကုသပေးနေသည်။

ဝိုင်းမော်မြို့နယ်တွင်လည်း စစ်ဘေးထွက်ပြေးလာသည့် အယောက် (၈၀၀)ကျော်သည် ဝိုင်းမော် ဘုန်းကြီးကျောင်း၊ ခရစ်ယာန် သာသနာကျောင်းများတွင် နေထိုင်နေကြောင်း ဝိုင်းမော်ကချင်နှစ်ခြင်း ခရစ်ယာန် ဓမ္မဆရာတစ်ဦးပြောသည်။

တရုတ်-လွယ်ဂျယ် နယ်စပ် တရုတ်ဘက်ကမ်း လားရင်းကျေးရွာတွင်မူ ဒုက္ခသည် (၅၀၀၀) ခန့် ရှိနေပြီး မထန်ရွာသို့ ထွက်ပြေးတိမ်းရှောင်လာသူများမှာ (၁၅၀)ကျော် ရှိနေပြီဖြစ်ကြောင်း ယင်းဒုက္ခသည် စာရင်းမှ သိရသည်။

တော၌ ခိုလှုံနေသူများမှာဝမ်းရောဂါ၊ ငှက်ဖျားရောဂါဖြစ်ပွားနေပြီးမိုးဆက်တိုက်ရွာသွန်းနေခြင်းကြောင့် လည်း အမိုးအကာမရှိသဖြင့်ဒုက္ခရောက်နေကြသည်။

မြစ်ကြီးနား-ဗန်းမော်-လွယ်ဂျယ် ကားလမ်းမကြီးတစ်လျှောက်ရှိ ဒေသခံများဖြစ်ကြပြီး ဒုက္ခသည် ၂၀၀၀၀ ကျော် KIO ထိန်းချုပ်နယ်မြေသို့ ထွက်ပြေးခိုလှုံနေကြသည်။ တစ်ချို့မှုလိုင်ဇာတစ်ဘက်ကမ်းတရုတ်ပြည် သို့ သွားရောက်နေထိုင်ကြသည်။

ဇွန်(၉)ရက်နေ့မှ မိုးမောက်မြို့နယ် ဆန်ဂန်ကျေးရွာတွင် နှစ်ဖက်ကြားပစ်ခတ်လာသည့်စစ်ပွဲမှာယခု ဆိုလျင် ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားမြို့တွင်ပင် KIAမှ ဗုံးဖေါက်ခွဲနေပြီဖြစ်သည်။

Most read this week