ရှမ်းပြည်မြောက်ပိုင်းတွင် အစိုးရတပ်အင်အားဖြည့်တင်း

ရှမ်းပြည်မြောက်ပိုင်းတွင် အစိုးရတပ်အင်အားဖြည့်တင်း
by -
ဇော်ကြီး

အစိုးရနှင့် တိုက်ပွဲများဖြစ်ပွားနေသည့်ရှမ်းပြည် မြောက်ပိုင်းဒေသများသို့ ယခုရက်ပိုင်းအတွင်း အစိုးရတပ် အင်အားများ ထပ်မံဖြည့်တင်းလာ သည်ဟု သတင်းရရှိသည်။

ရှမ်းပြည်တပ်မတော် မြောက်ပိုင်း SSA-N ခေါ် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP လှုပ်ရှားရာ ဒေသများ၌ ယခုလ(၁၇) ရက်နေ့မှစတင်၍ တိုက်ပွဲငယ်များ ဖြစ်ပွားနေပြီး အရှေ့ပိုင်းတိုင်း စစ်ဋ္ဌာနချုပ် (ရပခ) လက်အောက်ခံ တပ်ဖွဲ့များ အင်အား ဖြည့်တင်းလာခြင်းဖြစ်သည်ဟု မြောက်ပိုင်း SSA တပ်ဖွဲ့နှင့်နီးစပ် သည့် ထိုင်းနိုင်ငံ အခြေစိုက် ရှမ်းသံတော်ဆင့်သတင်းဌာန အယ်ဒီတာ ဦးစိန်ကြည် ကပြောသည်။

“သူတို့ပြောတာက တောင်ကြီး (ရပခ) ဖက်ကနေ စစ်ကားအစီး (၅၀) လောက် အခုလ (၂၀) ရက်နေ့ မနက်ပိုင်းမှာ လဲချားကို ရောက်သွားတယ်။ လွန်ခဲ့တဲ့ သုံးလေးရက်လောက်ကလည်း ဗမာစစ်တပ်တွေ အင်အားထပ်ဖြည့်ထားတာ အများကြီးပဲတဲ့။”

အလားတူ ယခုရက်ပိုင်းအတွင်း တရုတ်နိုင်ငံလုပ် (FAW) အမျိုးအစား စစ်ကား (၁၆) စီးအရှေ့မြောက် တိုင်း စစ်ဋ္ဌာနချုပ် (ရမခ) အခြေစိုက် လားရှိုးမြို့သို့ ရောက်ရှိခဲ့သည်ဟု သတင်းရရှိသည်။

မြောက်ပိုင်း SSA-N တပ်ဖွဲ့အခြေစိုက်ရာ ၀မ့်ဟိုင်းဋ္ဌာနချုပ်အား တိုက်ခိုက်သိမ်းပိုက်ရန် ယခုလို  စစ်အင်အားတိုးချဲ့လာခြင်းဖြစ်သည်ဟု အစိုးရနှင့် နီးစပ်သူများက ပြောကြောင်း ဦးစိန်ကြည်က ဆက်လက် ပြောဆိုသည်။

“လားရှိုး ရမခ စစ်တိုင်းရုံးနဲ့ နီးစပ်တဲ့ ပုဂ္ဂိုလ်တွေရဲ့ အပြောအရ သိရတာက SSPP/SSA တပ်မဟာ(၁) ၀မ့်ဟိုင်းဌာနချုပ်ကို မဖြစ်မနေ၊ မရမက ခြေမှုန်းနိုင်အောင် လုပ်ရမယ်တဲ့။ အပြုတ်တိုက်ရမယ်လို့ပြော တယ်တဲ့။”

ယင်းသို့ တိုက်ခိုက်ရာတွင် လိုအပ်ပါက ဓါတုလက်နက်များ အသုံးပြုရန် နေပြည်တော်ရှိ စစ်ရုံးချုပ် မှ ညွှန်ကြားထားသည်ဟု  စစ်ရုံးချုပ်နှင့် နီးစပ်သူများထံမှ သိရကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

ယခုလဆန်းပိုင်းကလည်း သံလွင်မြစ်နှင့် နမ့်ပန်ချောင်းအကြား တည်ဆောက်ထားသည့် မြောက်ပိုင်း SSA-N ခြေကုတ်စခန်းတစ်ခုအား အစိုးရတပ်ဖွဲ့က ဓါတုလက်နက်များ အသုံးပြု၍ တိုက်ခိုက်ခဲ့သည်ဟု ရှမ်းတပ်ဖွဲ့က သံသယ ဖြစ်ပေါ်ခဲ့သည်။ သို့သော် ယင်းကိစ္စနှင့် ပတ်သက်၍ သီးခြားအတည်ပြုချက် မရရှိသေးပါ။

လောလောဆယ် အစိုးရတပ်များအား ကချင်ပြည်နယ်နှင့် ကရင်ပြည်နယ် တိုက်ပွဲများတွင်လည်းဖြန့်ချ ထား သည့်အပြင် မိုးတွင်းကာလ စစ်ရေးလှုပ်ရှားရန် ခက်ခဲသည့်အတွက် ရှမ်းပြည်တပ်မတော်မြောက် ပိုင်း SSA-N တပ်ဖွဲ့အား ထိုးစစ်ကြီးတခုအနေဖြင့် တိုက်ခိုက်လိမ့်မည် မဟုတ်သေးကြောင်းတရုတ် မြန်မာ နယ်စပ်အခြေစိုက် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောက သုံးသပ် ပြောဆိုသည်။

လွန်ခဲ့သည့် ၂၀၁၀ ခုနှစ်က စစ်အစိုးရ၏ နယ်ခြားစောင့်နှင့် ဋ္ဌာနေပြည်သူ့စစ်တပ်ဖွဲ့စည်းရေးကို လက်မခံ ငြင်းဆန်ခဲ့ပြီးနောက်ပိုင်း ရှမ်းပြည်တပ်မတော် မြောက်ပိုင်း SSA-N တပ်ဖွဲ့များအား အစိုးရတပ်ဖွဲ့များက ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်သည်။

Most read this week