ဗန်းမော် ဒေသတွင်းကုန်သွယ်မှု ရပ်ဆိုင်း၊ ဒေသခံများ အခက်အခဲဖြစ်

ဗန်းမော် ဒေသတွင်းကုန်သွယ်မှု ရပ်ဆိုင်း၊ ဒေသခံများ အခက်အခဲဖြစ်
by -
ဇော်ကြီး

ကချင်ပြည်နယ်အတွင်း အစိုးရနှင့် ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့ KIO လက်အောက်ခံ တပ်ဖွဲ့များကြားတိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသ တွင်း ကုန်သွယ်မှု ရပ်ဆိုင်းနေပြီး ဒေသခံများ အခက်အခဲဖြစ်နေသည်။

ဗန်းမော်မှ မြစ်ကြီးနားမြို့နှင့် တရုတ်ပြည် နယ်စပ်ဒေသများသို့ သွားရာလမ်းကြောင်းများအားပိတ်ပင် ထားသည့်အတွက် ကုန်သည်များသာမက မြို့ပေါ်ရှိ လက်လုပ်လက်စား သမားများအခက်အခဲဖြစ်ကြရ သည်ဟု ဗန်းမော်မြို့မှ ကုန်သည်တဦးက ပြောသည်။

“အခုဆိုရင် စီးပွားရှာရတာလည်း အရမ်းအခက်အခဲဖြစ်တယ်လေ။ လက်လုပ်လက်စားသမားတွေဆို ပိုဆိုးကုန်တာပေ့ါ။ တနေ့လုပ်တနေ့စားသမားတွေဆိုရင် လေးငါးရက်လောက် အလုပ်မလုပ်ရတော့ အခုဆိုရင် ထိုင်ပြီးတော့မှ ငတ်နေရသလိုပဲလေ။”

ဗန်းမော်မြို့မှ အခြားကုန်သည်တဦးကမူ ဒေသတွင်း ကားအသွားအလာ ရပ်ဆိုင်းသွားသော်လည်း ဆိုင်ကယ်ဖြင့် သွားလာသူ အနည်းငယ်ရှိပြီး  တရုတ်ပြည်နယ်စပ် လွယ်ဂျယ်မြို့သို့ သွားပါက တစ်ဦးလျှင် သယ်ယူပို့ဆောင်ခ ကျပ်ငွေ(၁၅,၀၀၀)ခန့် ပေးရသည်ဟု ပြောသည်။

“မဖြစ်မနေ သွားရမယ်ဆိုရင်တော့ ဆိုင်ကယ်အငှားတွေနဲ့ သွားကြတာပေ့ါ။ ဒါပေမယ့် အရင်ကထက် နှစ်ဆလောက် ပိုပေးရတယ်လေ။”

ထို့အပြင် ဗန်းမော် မြစ်ကြီးနား လမ်းကြောင်းပေါ်ရှိ ငှက်ပျောခြံများတွင် သွားရောက် အလုပ်လုပ်ကိုင်နေ သည့် ဗန်းမော်မြို့ အနောက်ဖက်ခြမ်းရှိ ဧရာဝတီမြစ် တဖက်ကမ်းကျေးရွာများမှ ထောင်နှင့်ချီသည့် အလုပ်သမားများ သည်လည်း ကားအသွားအလာ ပြတ်တောက်သွား သည့်အတွက် နေရပ်သို့ပြန်ရန် အခက်အခဲဖြစ်နေသည်ဟု သိရသည်။

အလားတူ ဗန်းမော်၊ မြစ်ကြီးနား လမ်းကြောင်းပေါ်ရှိ ဗန်းမော်မှ ဒေါ့ဖုန်းယန်မြို့သို့သွားရာတွင် ကား အသွားအလာ ကျဲပါးသွားသည့်အတွက် ယခုလို မိုးရာသီ ဆန်စပါးစိုက်ပျိုးချိန်၌ စာရင်းငှား ခေါ်ယူရန် အခက်အခဲဖြစ်နေသည်ဟု ဒေါ့ဖုန်းယန်မြို့မှ လယ်သမား တဦးက ပြောသည်။

“ကျနော်တို့ ဒေါ့ဖုန်းယန်မြို့နယ်ခွဲကနေ ဗန်းမော်ကိုသွားရင် အရင်က ကားခက (၂၅၀၀) ပဲရှိတာ အခု (၅၀၀၀) ဖြစ်နေပြီ။ ပြီးတော့ ကားကလည်း တစီးတလေပဲသွားကြတော့ ပိုခက်တာပေ့ါ။ ခါတိုင်းနှစ်တွေ ဆိုရင် ကျနော့လယ်မှာ ဗန်းမော်ဖက်နဲ့ မိုးမောက်ဖက်ကလူတွေကိုခေါ်ပြီးစိုက်တာ အခုကဘယ်သူ့ကိုမှ ခေါ်လို့လည်းမရတော့ဘူး။ သူတို့လည်း ကြောက်တော့ မလာရဲဘူးတဲ့။” 

ယခုလ (၉) ရက်နေ့မှစတင်၍ အစိုးရနှင့် KIA တပ်ဖွဲ့များကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သော်လည်း ယခု ရက်ပိုင်းအတွင်း ပြန်လည် ငြိမ်သက်နေသည်။ သို့သော် KIA မှ စစ်ရေးအရ မဟာဗျုဟာကျသည့် လမ်းကြောင်းပေါ်ရှိ ချောင်းကူး တံတားများအား ဖောက်ခွဲဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။  ဒေသတွင်း တိုက်ပွဲများ၌ ယခုလ (၁၄)ရက်မှ (၁၆)ရက်အတွင်း KIA မှ ဖောက်ခွဲခဲ့သည့် တံတားကြီးငယ်ပေါင်း(၂၅) ခုရှိသည်ဟု ယခုလ(၁၈)ရက်နေ့ထုတ် အစိုးရအာဘော်သတင်းစာ၌ ဖော်ပြခဲ့သည်။

Most read this week