ငွေလဲနှုန်း မတည်ငြိမ်မှုကြောင့် ကျပ်ငွေ စုဆောင်းသူ များလာ

ငွေလဲနှုန်း မတည်ငြိမ်မှုကြောင့် ကျပ်ငွေ စုဆောင်းသူ များလာ
by -
အားမီ

ထိုင်း-မြန်မာနယ်စပ်တွင် ငွေလဲလှယ်နှုန်း မတည် ငြိမ်မှုကြောင့် မြန်မာကုန်သည်များ ကျပ်ငွေ စုဆောင်းမှု ပိုများလာသည်ဟုနယ်စပ်ကုန်သည် များက ပြောသည်။

ယခင်က ထိုင်းဘတ်ငွေကိုသာ အဓိကထား သုံးစွဲကြသော်လည်း ယခုအခါ မြန်မာကျပ်ငွေစျေး မြင့်တက်နေပြီး နေ့စဉ် ငွေလဲနှုန်း ကွာဟမှုကြောင့် မြန်မာကျပ်ငွေကို အဓိကထား စုဆောင်း နေခြင်းဖြစ်သည်ဟု ထိုင်းမြန်မာ နယ်စပ် ကော့သောင်းမြို့မှ ကုန်သည်တဦးက ပြောသည်။

“မနက်ပိုင်းမှာတော့  ကျပ်တစ်သိန်းကို ဘတ် (၃၉၃၀) ရှိတယ်။ ညနေဆို စျေးက ပြောင်းသွားပြန်ပြီ၊ အဲ့လိုပဲ ဖြစ်နေတော့ မြန်မာငွေစျေး တက်လာတယ်ဆိုရင် တနေ့တနေ့ ၀င်တဲ့ဘတ်ငွေတွေကို မြန်မာငွေနဲ့ လဲပြီးတော့ မြန်မာငွေကိုပဲ သိမ်းတာပေါ့။ အခုက ထိုင်းဘတ်ငွေရဲ့ အခြေအနေက ကျနေတယ်လေ။ ဘတ်ကို လက်ထဲမှာ သိပ်မထားရဲကြဘူး။ ဆက်ကျမှာ စိုးလို့ပေါ့။”

အလားတူ အခြားနယ်စပ်ဒေသများ ဖြစ်သည့် တာချီလိတ်နှင့် မြဝတီမြို့တို့တွင်လည်း ယခုရက်ပိုင်း အတွင်း မြန်မာငွေစျေး ခိုင်မာနေမှုကြောင့် ကုန်သည်အများစုက ထိုင်းဘတ်များကို မြန်မာငွေနှင့် လဲလှယ်၍ နေ့စဉ်လို စုဆောင်း နေကြကြောင်း မြဝတီမှ ကုန်သည် တစ်ဦးက ပြောသည်။

“ငွေစျေးက မငြိမ်တော့ ဘတ်ရတာနဲ့ မြန်မာငွေလဲထားလိုက်ကြတာ။ စီးပွားရေးလုပ်တာဆိုတော့ နည်းနည်းပါးပါးဆို ဘာမှမဖြစ်ပေမယ့် အခုမြန်မာငွေနဲ့ ထိုင်းဘတ် လဲလိုက်တဲ့အခါ ဘတ် (၅၀၀) ကျော်ကနေ (၇၀၀) လောက်ထိတက်သွားတော့ တော်တော်လေး ထိတယ်လေ။ အရင်ကတော့ ဘတ်ကိုသိမ်းတာ ပေ့ါနော်။ အခုက ပြောင်းပြန်ဖြစ်နေတယ် ကျပ်ငွေကိုပဲ သိမ်းကြတာ။”

ထို့အပြင် ယခုလဆန်းပိုင်းမှ စတင်၍ မြန်မာကျပ်ငွေစျေးနှုန်း မြင့်တက်လာမှုကြောင့် ထိုင်းနိုင်ငံတွင်အလုပ်လုပ် ကိုင် နေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများအနေနှင့်လည်း အခက်အခဲဖြစ်နေ ကြသည်ဟု သိရသည်။

ယခင်က မြန်မာကျပ်ငွေ တစ်သိန်းလျှင် ထိုင်းဘတ်ငွေ (၃၄၀၀)ခန့်သာ ရှိသော်လည်း ယခုအခါ မြန်မာကျပ်ငွေ ခိုင်မာနေပြီး ငွေလဲနှုန်းမြင့်တက်လာမှုကြောင့် မြန်မာပြည်ရှိ မိသားစုများထံ ငွေမပို့သေးဘဲ အခြေအနေ စောင့်ကြည့်နေသည်ဟု ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတဦးက ပြောသည်။

“ပုံမှန်လဆို ဘတ်ငွေ (၇၀၀၀) မှာ နှစ်သိန်းရတယ်။ အခုပို့လိုက်ရင် တစ်သိန်း ကျော်ကျော်လောက် ဘဲ ရမယ်လေ။ အခုက ဘတ် (၄၂၀၀) ကျော် (၄၃၀၀) မှာ တစ်သိန်းဆိုတော့ မပို့သေးဘဲ ခနစောင့်နေတာ။”

ယခင်လများက လခထုတ်ချိန်ရောက်လျှင် မြန်မာရွှေ့ပြောင်း အလုပ်သမားများ အနေနှင့် ငွေလွှဲပို့သူ များပြားသော်လည်း ငွေစျေး မတည်ငြိမ်မှုကြောင့် ယခုလအတွင်း မြန်မာနိုင်ငံသို့ ငွေပေးပို့သူ နည်းပါးခဲ့ပြီး လုပ်ငန်းထိခိုက်မှုရှိသည်ဟု ဘန်ကောက်မှ ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူအမျိုးသမီး တစ်ဦး က ပြောသည်။

“ကျမဆို ပုံမှန်ဝင်ငွေ တော်တော်လေး နည်းသွားတာပေါ့၊ ထိခိုက်တာပေါ့နော်။ ကျမက ဖုန်းလည်း join ပေးတဲ့ အလုပ်လုပ်တယ်လေ။ ပုံမှန်ဆို ပိုက်ဆံလွှဲပြီဆိုရင် အိမ်ကို ဖုန်းဆက်ကြတာပေါ့။ အခုက ပိုက်ဆံမပို့ဘူးဆိုတော့ ဖုန်းလည်းမဆက်ကြတော့ဘူးလေ။ ပိုက်ဆံပို့တဲ့လူနည်းတော့ ဖုန်းပြောတဲ့လူလည်း နည်းသွားတယ်။ ဒီတော့ ကျမဆိုရင် ဝင်ငွေတဝက်မက လျော့သွားတယ်လေ။”

ထိုင်း-မြန်မာနယ်စပ်မြို့များ ဖြစ်သော တာချီလိတ်၊ မြဝတီနှင့် ကော့သောင်း နယ်စပ်မြို့များတွင်ယခုရက်ပိုင်း အတွင်း မြန်မာငွေ ကျပ်တစ်သိန်းလျှင် ထိုင်းဘတ် (၄၀၀၀)ခန့် ပေါက်စျေးရှိသည်။

Most read this week