စစ်ပြေးဒုက္ခသည်တချို့ ဘုန်းကြီးကျောင်းများတွင် ခိုလှုံ

စစ်ပြေးဒုက္ခသည်တချို့ ဘုန်းကြီးကျောင်းများတွင် ခိုလှုံ
by -
ကချင်သတင်းဌာန

ဝိုင်းမော်-လိုင်ဇာ လမ်းမ ကဇူးယန် ကျေးရွာတွင် KIAနှင့် မြန်မာစစ်တပ်တို့၏ စစ်ပွဲငယ်ကြောင့်် တရုတ်ပြည် နယ်စပ် မသွားနိုင်သော ဒုက္ခသည် များသည် ဝိုင်းမော်မြို့တွင်းရှှိ ဘုန်းကြီးကျောင်း များသို့ လာရောက် ခိုလှုံနေသည်။

kachin-refugee-china-border

ကဇူးယန် ကျေးရွာတွင် ယမန်နေ့ နံနက် ၃နာရီမှ ၅နာရီထိ စစ်ပွဲငယ် ဖြစ်ခဲ့သည်။ အဆိုပါ အနီးအနားရှိ ဂါးရာယန်၊ ဂန်ဒေါင်ယန် စသည့်ကျေးရွာများမှ  ဒုက္ခသည် (၃၀၀)ကျော်သည်  ဝိုင်းမော်မြို့သို့ ထွက်ပြေး လာခဲ့ခြင်း ဖြစ်သည်။

“စစ်ပြေး ဒုက္ခသည်တွေပေ့ါ၊ ဝိုင်းမော် ဘုန်းကြီးကျောင်းမှာ လာခိုနားနေတာ။ လူကမနည်းဘူး ဘုန်ကြီး ကျောင်းမှာ လာနားတာ” ဟု ဝိုင်းမော်မြို့မှ မြို့ခံတစ်ဦးပြောသည်။

kachin-refugee-china-border

တရုတ်နယ်စပ် KIO လိုင်ဇာသို့ ခိုလှုံလာကြသော် စစ်ပြေးဒုက္ခသည်များ။

KIAနှင့် မြန်မာစစ်တပ်တို့၏ (၇) ရက်ကြာ စစ်ပွဲများကြောင့် စစ်ပြေးဒုက္ခသည်များသည် တရုတ်နယ်စပ်တစ် လျှောက် သွားရောက် တိမ်းရှောင်လာသူများလည်း အယောက် (၁၀၀၀၀)ကျော်ရှိနေပြီ ဖြစ်ကြောင်း KIOမှ သိရသည်။

ယမန်နေ့ညအထိ KIA ကောက်ခံထားရှိသည့် ဒုက္ခသည် စာရင်းအရ လိုင်ဇာတွင် (၂၂၉၁)၊ တပ်မဟာ (၃) အူရာဘွမ် ဖျင်ရှန် ကျေးရွာတွင် (၃၀၀)ကျော်၊ လွယ်ဂျေတွင် (၄၂၃၈)၊ မန်ဝင်းကျေးရွာတွင်မူ (၂၀၀၀)ကျော်နှင့် မိုင်ဂျာယန်တွင် (၃၀၀)ကျော် ရှိသွားပြီ ဖြစ်ကြောင်း KIOအရပ်ဖက် အုပ်ချုပ်ရေးအရာရှိ ဆလန်ကဘ ဒွဲပီဆာ ပြောသည်။

အဆိုပါ တိုက်ပွဲများကြောင့် ကချင်ပြည်နယ်ရှိ မြို့များတွင် အစိုးရတပ်မှ လုံခြံုရေးတပ်များ တင်းကြပ်စွာ ချထားကြောင်း သိရသည်။

“အခုဆို ယာဉ်ထိန်းရဲတွေလည်း သေနတ်နဲ့ပဲ၊ သေနတ်ကိုယ်စီ ကိုင်ထားကြတယ်၊ လမ်း၊ တံတား၊ ဂိတ်တွေ မှာဆို ရဲ၊ စစ်သားတွေ စုပြီး လုံခြံုရေး ယူနေကြတယ်။” ဟု မြစ်ကြီးနား မြို့ခံ ဆိုသည်။

အစိုးရတပ်များ၏ စစ်ဝတ်စုံနှင့် အတူ လက်နက်များကိုင်ဆောင်ကာ ရပ်ကွက်တိုင်းကင်းလှည့်လည်မှု များ ကြောင့် ဒေသခံများ ည (၆)နာရီ ကျော်လျင် ညမထွက်ရဲပဲ တစ်မြို့လုံး တိတ်ဆိတ်နေသည်။

ယခုလို KIAနှင့် မြန်မာစစ်တပ်ကြား စစ်ပွဲမစမည် ၃ ရက်အလိုတွင် ဝိုင်းမော်မြို့နယ်ရှိ တစ်ရပ်ကွက်လျင် လူငယ် (၁၀)ဦးစီ ပြည်သူ့စစ် သင်တန်း တက်ရန် ဦးဇခုန်တိန့်ယိန်း၏ နယ်ခြားစောင့်တပ်မှ ခေါ်ယူခဲ့ကြောင်း ဝိုင်းမော် ရပ်ကွက် လူကြီးမှ ပြောသည်။

“ကျတော်တို့က လူစုပေးတာပေ့ါ။ လူမရတဲ့အဆုံးက ငှားရတာပေ့ါ။ ဥက္ကဋ္ဌတွေ ရပ်ကွက်လူကြီးတွေ က ငှားပေးရတာ။ မြန်မာနှစ်ယောက်၊ ကုလားနှစ်ယောက်၊ ရှမ်းပို်င်းနှစ်ယောက် အဲ့လိုမျိုးလေးတွေ ထုတ်ပြီး ပေးလိုက်တယ်။ ဘယ်ရွာမှ မလွတ်ဘူးလေ။ လူငယ်ပိုင်းတွေ ကောက်တာ။”

မြန်မာစစ်တပ်မှ လူငယ်များကို ပြည်သူ့စစ်သင်တန်းပေးမည်ဟု ခေါ်ယူသွားပြီး ယခုထိ ယင်းလူငယ်များ အကြောင်း တစုံတရာ မကြားကြောင်း ရပ်ကွက်လူကြီးမှ ဆက်ဆိုသည်။

“စစ်တိုက်ဖို့လား သင်တန်းပေးဖို့လားတော့ မသိဘူး။ ဘယ်မှာ သင်တန်းပေးမှန်းလည်း မသိပါဘူး။ တစ်ချို့ကြတော့ ဝါသနာပါကြတယ်။ ကပ်ဖားယပ်ဖားတွေလည်း ရှိတယ် ဆိုတော့ သွားကြတာပေ့ါ။ ပြန်တော့မလာကြသေးဘူး။”

Most read this week