တရုတ်နယ်စပ်သို့ ကချင်ဒုက္ခသည် ရာပေါင်းများစွာ ထွက်နေ

တရုတ်နယ်စပ်သို့ ကချင်ဒုက္ခသည် ရာပေါင်းများစွာ ထွက်နေ
by -
ကချင်သတင်းဌာန

စစ်ပွဲကြောင့် မြန်မာတပ်စစ်တပ်က ပေါ်တာဆွဲ မည်ကို  စိုးရိမ်သည့်အတွက် တရုတ်နယ်စပ်သို့ အိုးအိမ်စွန့်ခွာ ထွက်ပြေးသည့်ကချင်ဒုက္ခသည် အရေအတွက် ရာပေါင်းများစွာ တိုးလာနေပါပြီ။

နှစ်ရက်အတွင်း ဒုက္ခသည် ၁၀၀၀ ခန့် ကချင်ပြည်နယ်အရှေ့ဘက် တရုတ်နယ်စပ် KIO ဌာနချုပ်လိုင်ဇာသို့ ရောက်ရှိလာသည်ဟု လိုင်ဇာမှကချင်သတင်းဌာန သတင်းထောက် ပြောသည်။

kachin_refugee_laiza2
လိုင်ဇာ ခရစ်ယာန်ဘုရားကျောင်းတွင် ဒုက္ခသည်များအား ယာယီ နေရာပေးထားသည်ဟု ဆိုသည်။

ဇွန် ၉ ရက် ဗန်းမော်ခရိုင်၊ ဆန်ဂန်သို့ မြန်မာစစ်တပ်ထိုးစစ်ဆင်လာချိန်မှ လိုင်ဇာသို့ ဒုက္ခသည်များ ရောက်ရှိလာကြကာ ယခုအခါ လူဦးရေ ၁၅၀၀ ခန့်ရှိလာပြီဟု လိုင်ဇာဒေသခံများပြောသည်။

ဒုက္ခသည်များမှာ ၀ိုင်းမော်မြို့နယ်နှင့် ဒေါ့ဖွမ်းယန်မြို့နယ်ခွဲရှိ လဂျားယန်၊ လဝါယန်၊ နားလုံ၊ မဒီးယန်၊ မိုင်ဆက်ပါ၊ ဘန်ဒေါင်၊ ခယာ၊ နမ်ဆန် စသည့်ကျေးရွာများမှဖြစ်သည်ဟုဆိုသည်။

ခြေကျင်၊ သုံးဘီးဆိုင်ကယ်၊ ကားများဖြင့် လိုင်ဇာသို့ဒုက္ခသည်များ ၀င်ရောက်လာသည်ဟု မျက်မြင်များ ပြောသည်။

ရောက်ရှိလာသည့် ဒုက္ခသည်များအမည်စာရင်းကို KIO က ကောက်ခံထားကြောင်းသိရသည်။

ယနေ့နံနက် ဒုက္ခသည်သစ်များ ထပ်မံရောက်ရှိလာသည်။
kachin_refugee_laiza

အခြားတစ်နေရာဖြစ်သည့် တာပိန်ရေအားလျှပ်စစ်ရှိရာ KIA တပ်ရင်း ၁၅ အနီး တွင်လည်း ဒုက္ခသည် ၁၀၀ ကျော်သည် တရုတ်နယ်စပ်တွင် ရောက်ရှိနေကြသည်ဟု ဒုက္ခသည်များမှသိရသည်။

သို့သော် ယခုချိန်ထိ ဒုက္ခသည်အများစု တရုတ်နိုင်ငံထဲသို့ ၀င်ခွင့်မရဘဲ နယ်စပ်တစ်လျှောက်နေထိုင်နေရ ဆဲဖြစ်သည်ဟု ဒုက္ခသည်များပြောသည်။

ဒုက္ခသည်များကို အကူအညီပေးသည့် အစိုးရမဟုတ််သော ပြည်တွင်း သို့မဟုတ် ပြည်ပအဖွဲ့အစည်းများ ရောက်ရှိလာခြင်းမရှိသေးဟု KIO အရာရှိများပြောသည်။

ဒုက္ခသည်များ ထပ်မံရောက်ရှိလာနေသည်ဟု KIO အရာရှိများပြောသည်။

Most read this week