KIA Bum Sen စခန်း မြန်မာစစ်တပ် လက်ထဲကျ

KIA Bum Sen စခန်း မြန်မာစစ်တပ် လက်ထဲကျ
by -
ကချင်သတင်းဌာန

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA) ၏ အခိုင် အမာ တပ်စခန်း ဖြစ်သည့် ဘွမ်ဆဲန် (Bum Sen Post) တောင်အား မြန်မာစစ်တပ်မှ သိမ်းလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ အင်အား (၉၀၀) ခန့်ရှိ တပ်ရင်း (၈) ရင်း၏ လက်နက်ကြီးများ ဆက်တိုက် ပစ်ခတ်နေခြင်းကြောင့် KIA သည် ယမန်နေ့ည ရနာရီခွဲတွင် ဘွမ်ဆဲန် တောင်မှ နောက်ဆုတ်ပေးခဲ့ရခြင်း ဖြစ်သည်။

kachin-army
ယင်း ဘွမ်ဆဲန် သိမ်းလိုက်ခြင်းသည် KIA အဖွဲ့ကြားရှိ ဆက်သွယ်ရေးအား ဖြတ်တောက်လိုက်ခြင်း ဖြစ်သည်ဟု KIA အရာရှိ တစ်ဦးပြောသည်။

“တော်တော်ခက်တယ်။ ဘယ်လိုဖြစ်နေလဲ မသိဘူး။ အဲ့တောင် ရောက်မှတော့ KIA ကို နှစ်ခြမ်း ခွဲလိုက်လို့ရပြီ။ ဘွမ်ဆဲန်က KIA ဗဟိုဌာနချုပ်နဲ့ တပ်မဟာ (၃) ကို ဆက်သွယ်တာ။ အဲ့မှာရောက်တော့ KIA ကို ဝိုင်းလိုက်သလို ဖြစ်ပြီလေ။ ဆက်သွယ်ရေး လမ်းကြောင်း ဖြတ်လိုက်တာပဲ။ တပ်မဟာ (၅) နှင့် (၃) ကို ဆက်သွယ်ဖို့လည်း ခက်ပြီလေ။ သူတို့ကို လူလဲတာလည်း မရှိဘူး။ ပစ်တဲ့ သူက ပစ်နေတယ်။ အစိုးရကို ပစ်တာ လက်အသမာ တောင် တက်တယ်လို့ ပြောတယ်။”

မြန်မာစစ်တပ်သည် ဘွမ်ဆဲန် တောင်ရှိ KIA တပ်ရင်းအား ဇွန် (၁၁) ရက် မွန်းလွဲ ၁၂နာရီ နောက်ပိုင်းရုပ်သိမ်း ပေးရန် ရာဇသံပေးခဲ့သည်။ KIA မှ ရုပ်သိမ်းခြင်း မရှိသဖြင့် မြန်မာစစ်တပ်မှ အဆက်အပြတ် ပစ်ခက်လာခြင်း ဖြစ်သည်။

ယမန်နေ့ မြန်မာစစ်တပ်မှ KIA ဘွမ်ဆဲန်တောင်ဘက်သို့ အမြောက်ကြီး ရ၅ မမ ပစ်ခက်ရာ အမြောက်ဆံ ၁၀၀၀ ကျော် ရှိသည်ဟု KIAမှ ဆိုသည်။

ဇွန်လ (၁၁) ရက်နေ့တွင်လည်း မြန်မာစစ်တပ်မှ ဆန်ဂန်ကျေးရွာရှိ KIO ဆက်ဆံရေးရုံးအား သိမ်းပိုက်ခဲ့သည်။

မြန်မာစစ်တပ်ဖက်မှ KIA တပ်စခန်းများရှိရာ သို့ စစ်အင်အား ထပ်ဖြည့်မှုများ ရှိနေကြောင်း သိရသည်။ KIA တပ်ရင်း (၃) ရှိ ဝိုင်းမော်မြို့နယ် ဆဒုံးမြို့နယ်ခွဲသို့လည်း စစ်ယဉ်တန်း (၁၀) စီး ခန့် ဦးတည်ဝင်ရောက် သွားကြောင်း မျက်မြင် ဝိုင်းမော် ဒေသခံ တစ်ဦးပြောသည်။

ရှမ်းပြည်နယ်ရှိ KIA တပ်မဟာ (၄) အနီး လားရှိုး-မူဆယ်လမ်းတစ်ဖက်တွင်လည်း တပ်ရင်း (၃) ရင်း စစ်အင် အား တိုးမြှင်းထားကြောင်း၊ ဗန်းမော်မြို့တွင်းတွင်လည်း မြန်မာစစ်တပ် အင်အား ထပ်ဖြည့်နေသည်ဟု KIA အရာရှိ တစ်ဦး ဆိုသည်။

ဇွန် (၉) ရက်မှ စတင် ပစ်ခက်လာသည့် စစ်ရေးကြောင့် အသေအပျောက် တိတိကျကျ မသိရှိသေးသော်လည်း ဆန်ဂန်ကျေးရွာတွင် မြန်မာစစ်တပ်အလာလမ်း၌ ဗုံးထောင်ရန် သွားခဲ့သည့် KIA တပ်သား (၃) ဦးအားမြန်မာ စစ်တပ်မှ ပစ်သတ်ခဲ့သည်ဟု သိရသည်။

Most read this week