KIO ဌာနချုပ်လိုင်ဇာမှ လူငယ်များ တိုက်ပွဲအတွက် အသင့်ပြင်ဆင်

KIO ဌာနချုပ်လိုင်ဇာမှ လူငယ်များ တိုက်ပွဲအတွက် အသင့်ပြင်ဆင်
by -
ကချင်သတင်းဌာန

KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့ရှိ ဒေသခံလူငယ်များ သည် တိုက်ပွဲအတွက်သာမက စစ်မျက်ကွယ်ရာ အတွက်ပါ အသင့်ပြင်ဆင် ထားနေပြီ ဖြစ်ကြောင်း သိရသည်။

KIA အမြဲတမ်းတပ်ဖွဲ့ဝင် မဟုတ်သော လိုင်ဇာ လူငယ်အဖွဲ့ဝင် တို့သည် ယမန်နေ့မှ စ၍ လိုင်ဇာ အဝင်အထွက် ဂိတ်ပေါက်များသို့ အလှည့်ကျ ကင်းစောင့်နေကြသည်ဟု ဒေသခံ လူငယ်တစ်ဦး ပြောသည်။

KIO_Laiza1“လိုင်ဇာလူငယ် ခေါင်းဆောင်တွေပါတယ်။ လူငယ်ခေါင်းဆောင်ဟောင်းတွေလည်းပါတယ်။ မနေ့ညလည်း တညလုံး ကင်းစောင့်ကြတယ်။ ဒီနေ့မနက် လဂျားယန်ဘက်သွားကြည့်တော့ အိပ်နေကြတယ်တညလုံးကင်း စောင့်ထားလို့တဲ့။”

အဆိုပါ အမြဲတမ်း တပ်ဖွဲ့ဝင်တွင် မဟုတ်သည့် အရေးပေါ်လူငယ်အဖွဲ့ဝင်တွင် အမျိုးသမီး အပါအဝင် စုစုပေါင်း ၆၀ ခန့်ရှိသည်ဟု လိုင်ဇာဒေသခံ လူငယ်များပြောသည်။

လဂျားယန်ကျေးရွာရှိ မြန်မာစစ်အစိုးရ တပ်စခန်းတွင်လည်း  မြစ်ကြီးနားဘက်မှ တပ်ကူ ၂၀၀ခန့် ယမန်နေ့တွင် ရောက်ရှိလာပြီး ၎င်းတို့က လဂျားယန်နှင့် လဝါယန်ရှိ ဒေသခံများကို အဝင်အထွက်ကန့်သတ်ထားသည်ဟု ဆိုသည်။

လိုင်ဇာမြို့ခံလူငယ်များသည်အနီးအနားတောင်ပေါ် စစ်မျက်ကွယ်ရာဒေသများသို့ လိုအပ်သည့်ပစ္စည်းများ ရွှေ့ပြောင်းနေကြသည်။

သို့သော် KIO မူးယစ်တိုက်ဖျက်ရေးစီမံချက်မှ ဘိန်းစွဲလူငယ် ၁၀၀ ၀န်းကျင်အား ထိန်းသိမ်းချုပ်နှောင်ထားဆဲ ဖြစ်ကြောင်း သိရသည်။

တာခေါ်ခ (တာပိန်မြစ်) ရေအားလျှပ်စစ်ဖက် မြန်မာ-KIA တိုက်ပွဲပြင်းထန်နေသော်လည်း KIO အရပ်ဖက် အုပ်ချုပ်ရေးဌာနကမူ လိုင်ဇာ ပြည်သူလူထုအတွက် သီးသန့် အသိပေးကြေငြာချက်ထုတ်ပြန်ခြင်းမရှိဟုဆို သည်။

ယခုချိန် လိုင်ဇာဒေသခံများ သာမန် လှုပ်ရှားသွားလာနေကြဆဲဖြစ်သည်။

Most read this week