KIA ရှေ့တန်း တပ်စခန်း တခု ဆုတ်ခွာလိုက်ရ

KIA ရှေ့တန်း တပ်စခန်း တခု ဆုတ်ခွာလိုက်ရ
by -
ဇော်ကြီး

မြန်မာအစိုးရတပ်နှင့် ကချင်ပြည်လွတ်မြောက်ရေး တပ်မတော် KIA တို့ ယခုလ (၉) ရက် နေ့မှ စတင် ဖြစ်ပွားနေသည့် တိုက်ပွဲများ တဖြည်းဖြည်း ပိုမိုပြင်းထန်လာပြီး KIA ရှေ့တန်းစခန်းတစ်ခု ဆုတ်ခွာပေး လိုက်ရသည်ဟု KIA ကပြောသည်။ 

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် KIA တပ်မဟာ(၃) ထိန်းချုပ်ဒေသအတွင်း ဆမ်ဂမ်ကျေးရွာ အထက်ဖက်ရှိ တပ်စခန်းအား ယမန်နေ့က မြန်မာစစ်တပ်မှ လက်နက်ကြီးများ ပစ်ခတ်၍ ထိုးစစ်ဆင်တိုက်ခိုက်လာခြင်း ကြောင့် ဆုတ်ခွာပေးလိုက်ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် ဒေသခံ တပ်မှူးတဦးက ပြောသည်။

“ကျနော်တို့ဖက်ကလည်း နေရာ သိပ်အဆင်မပြေဘူးဆိုပြီးတော့ အဲဒီနေရာ ဆုတ်ပေးလိုက်တယ်လို့ပြော တယ်။ အဲဒီအနောက်ဖက်မှာရှိတဲ့  တောင်ကုန်းက ပိုမြင့်တယ်။ နေရာပိုကောင်းတယ်လေ။ ဒီတော့ ဒီတပ်စခန်းကို ဖယ်ပေးပြီးမှ နောက်ပိုင်းတောင်ကုန်းကို နေရာယူထားကြတာပေ့ါ။”

ဆမ်ဂမ်ကျေးရွာသည် အစိုးရနှင့် အပစ်အခတ်ရပ်စဲထားစဉ်က KIA ဆက်ဆံရေးရုံး ဖွင့်လှစ်ထားပြီး ယင်း ကျေးရွာအထက်ဖက်ရှိ တောင်ကုန်းတွင် KIA တပ်စခန်းတည်ဆောက်ထားခြင်းဖြစ်သည်။ ယင်းစခန်းသည် KIA အတွက် အရေးပါသော်လည်း ဆုတ်ခွာပေးလိုက်ရသည့်အတွက် တစုံတရာ နစ်နာမှု မရှိနိုင်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ထို့အပြင် ယင်းစခန်းနှင့် သုံးမိုင်ခန့်အကွာရှိ ဘွမ်ဆဲန် (ထုံးဘို) တပ်စခန်းအား ယမန်နေ့နံနက် ခြောက်နာရီ ခန့်မှ  စတင်၍ ညနေ ခြောက်နာရီ အချိန်ခန့် အထိ မြန်မာစစ်တပ်က လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက် ခဲ့သည်။ သို့သော် ယနေ့အချိန်အထိ အနီးကပ် ထိုးစစ်ဆင် တိုက်ခိုက်လာမှု မရှိသေးသလို တိုက်ပွဲအရှိန်လည်း လျော့ကျမသွားသေးဟု KIO အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောသည်။

ယခု တိုက်ပွဲဖြစ်ပွားနေသည့် တပ်မဟာ(၃) ဒေသအပြင် အခြားဒေသများထံ တိုက်ပွဲများ ကူးစက်သွားမည်ကို  KIO အနေနှင့် မလိုလားသော်လည်း အကယ်၍ “အစိုးရတပ်ကနေပြီးတော့  သူ့ရဲ့ လက္ခဏာကထိုးစစ်ဆင် မယ့် အခြေအနေရယ်၊ လောလောဆယ် ပစ်ခတ်နေတဲ့ဟာကို အရှိန်မလျှော့ဘူးဆိုရင် အခုက စပြီးတော့ လိုအပ်ရင် လိုအပ်သလို ကိုယ့်ရဲ့ဒေသမှာ တိုက်ပွဲဝင်သွားဖို့ ကျနော်တို့ဖက်က ရှေ့တန်းတပ်တွေကို တပ်လှန့်နိုးဆော်ထားပါတယ်ခင်ဗျ။” ဟု ယနေ့ KIO ဌာနချုပ် အစည်းအဝေးမှ ဆုံးဖြတ်လိုက်ကြောင်း ဆက်လက်ပြောဆိုသည်။

ယခု တိုက်ပွဲ ဖြစ်ပွားနေသည့် ဒေသအတွင်း အစိုးရတပ်ဖက်မှ တပ်ရင်း(၁၀) ရင်းခန့် လှုပ်ရှားနေပြီး  KIA ဖက်မှ တပ်မဟာ(၃) လက်အောက်ခံ တပ်ရင်း(၁၅) တစ်ခုတည်းကသာ ခုခံ တိုက်ခိုက်နေခြင်း ဖြစ်သည်ဟု ဦးလနန်က ပြောသည်။

အလားတူ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း SSA-N ခေါ် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ဒေသအတွင်း အစိုးရတပ်များ၏ ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် ယမန်နေ့က SSA-N တပ်စခန်း တစ်ခုဆုတ်ခွာပေးလိုက် ရသည်ဟု SSA-N တပ်ဖွဲ့ကပြောကြောင်း အဖွဲ့နှင့် နီးစပ်သည့် ထိုင်းနိုင်ငံ အခြေစိုက် ရှမ်းသံတော်ဆင့် သတင်းဌာန အယ်ဒီတာ ဦးစိန်ကြည်က ပြောသည်။

“SSPP/SSA တပ်မဟာ(၁) လက်အောက်ခံ အမှတ်(၉)မြို့နယ် အုပ်ချုပ်ရေးတပ်ကို ကျောက်မဲ အခြေစိုက် စကခ(၁) လက်အောက်ခံတပ်တွေကနေ သုံးဖက်သုံးတန်ကနေပြီးတော့ လက်နက်ကြီးတွေနဲ့ ထုတယ်တဲ့။ ထုပြီးတော့မှ အနီးကပ်တက်ထိုးတယ်တဲ့။ အဲတာ မနက်ငါးနာရီလောက်ကနေစတဲ့ တိုက်ပွဲကဆယ်နာရီ လောက်မှာ ရှမ်းတပ်က ဆုတ်ပေးလိုက်တယ်တဲ့။” 

ယင်းတိုက်ပွဲတွင် နှစ်ဖက် ထိခိုက်ကျဆုံးမှုနှင့်ပတ်သက်၍ မသိရသေးသော်လည်း ကျွဲကျောင်းသွားသည့် အပြစ်မဲ့ပြည်သူတဦး သေဆုံးခဲ့သည်ဟု သိရကြောင်း ဆက်လက်ပြောဆိုသည်။

KIA တပ်မဟာ(၃) ဒေသတွင်း တိုက်ပွဲကြောင့် တာပိန်ရေအားလျှပ်စစ် စီမံကိန်းတွင် အလုပ်လုပ်ကိုင်နေသည့် တရုတ်လူမျိုးများနှင့် ဒေသခံ တစ်ထောင်ကျော် တရုတ်မြန်မာ နယ်စပ်ဒေသသို့ထွက်ပြေးရောက်ရှိလာ သည်ဟု သိရသည်။

၁၉၉၄ ခုနှစ်က အပစ်အခတ်ရပ်စဲခဲ့သည် KIA သည် နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးကိုလက်မခံငြင်းဆန် ခဲ့ပြီး နောက် ယမန်နှစ်ကုန်ပိုင်းမှစတင်၍ အစိုးရတပ်ဖွဲ့များနှင့် အခြေအနေ တင်းမာလာခဲ့ပြီး ဒေသတွင်း တိုက်ပွဲ များ ပြန်လည် ဖြစ်ပွားခဲ့ရာ ယခု အကြိမ်သည် အပြင်းထန်ဆုံးဖြစ်သည်။

Most read this week