နောက်ဆုံး KIO ဆက်ဆံရေးရုံး ရုပ်သိမ်းပြီး ပြည်တွင်းစစ်သို့ ဦးတည်

နောက်ဆုံး KIO ဆက်ဆံရေးရုံး ရုပ်သိမ်းပြီး ပြည်တွင်းစစ်သို့ ဦးတည်
by -
ကချင်သတင်းဌာန

မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားရှိ နောက်ဆုံး KIO ဆက်ဆံရေးရုံးချုပ် (သံရုံး )အား တနင်္ဂနွေ နေ့လည်မှ စတင်ရုပ်သိမ်း လိုက်ပြီးနောက် ပြည်တွင်းစစ် သို့ဦးတည်လာပြီ ဖြစ်သည်။

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဆက်ဆံရေးရုံးချုပ်နှင့် KIO ပိုင် ဘူးဂါး ကုမ္ပဏီတို့အား တနင်္ဂနွေ နောက်ဆုံးထားကာ ရုပ်သိမ်းပေးရန် ရာဇသံပေးခြင်းကြောင့် ယခုကဲ့သို့ရုပ်သိမ်း လိုက်ခြင်းဖြစ်သည်၊၊
kia_soldier_frontline

“ ဆက်ဆံရေးရုံးနှင့် ဘူဂါးရုံးတွေကို တနင်္ဂနွေနေ့ နောက်ဆုံးထားပြီး ရုပ်သိမ်းခိုင်းတယ်။ တာကြောင့် မနေ့ည ရုံးတံခါးကြီးကို သော့ခတ်လိုက်ပြီ။ အားလုံးပြန်ကုန်ပြီ တစ်ယောက်မှ မကျန်တော့ဘူး၊ အပြင်က အရပ်သား ခြံစောင့်တစ်ယောက်ပဲ ကျန်တော့တယ်။” ဟု KIO ဆက်ဆံရေးရုံးနဲ့ နီးစပ်သူ တစ်ဦးပြောသည်။

KIO ဆက်ဆံရေးရုံးချုပ် ရုပ်သိမ်းလိုက်သော်လည်း ဘူးဂါးကုမ္ပဏီကိုမူ ယခုထိ ဆက်လက်ထားရှိကြောင်း သိရသည်။

“ကျတော်တို့လည်း ဘူးဂါးကို ဘယ်လိုလုပ်ရမလဲ မသိသေးဘူး။ အရပ်ဘက်ကို လွှဲရမလား။ အလုပ်တွေကို ဒီလိုပဲ ရပ်ထားလို့လည်းမရဘူး ဖြစ်နေတယ်။” ဟု KIO ဘူးဂါး ကုမ္ပဏီမှ အရာရှိတစ်ဦးပြောသည်။

ယင်းရုပ်သိမ်းလိုက်သည့် ဆက်ဆံရေးရုံးချုပ်မှာ စစ်အစိုးရနှင့် KIO ကြား ဆက်ဆံရေးအတွက် အဓိကကျ ညှိနှိုင်းဆောင်ရွက်မှုများ ပြုရာ ရုံးချုပ်ကြီး ဖြစ်သည်။ ရုံးချုပ်ထိုင်သည့် ဗိုလ်မှူးကြီး ဂျီးနောင်တို့မှာ စနေနေ့တွင် မြစ်ကြီးနားမြို့မှ KIO ဗဟိုဌာနချုပ်ရှိရာ လိုင်ဇာမြို့သို့ ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။

နှစ်ဖက်ကြား ဆက်ဆံရေး ဆောင်ရွက်ပေးသည့် ရုံးချုပ် ရုပ်သိမ်းလိုက်ခြင်းကြောင့် ၎င်းတို့ကြားဆက်သွယ်ဖို့ ရန် ခက်ခဲမှုများ ရှိနေပြီဟု မြစ်ကြီးနား မြို့ခံ ကေအိုင်အိုနှင့် နီးစပ်သူ တစ်ဦးပြောသည်။

“ဆရာ ဆဘွဲဂျွမ်လည်း ဆက်သွယ်ပေးဖို့ မရတော့ဘူး။ ကက်တလိစ်ဆရာတော် နော်ဒင့်ကို ဆက်သွယ်ခိုင်း တာလည်း ထူးခြားတာ ဘာမှ မရှိသေးဘူး။ သူတို့ကြားမှ ညှိဖို့ ခက်နေပြီ။”

မြစ်ကြီးနားမြို့တွင်းရှိ KIO နှင့် နီးစပ်သည့် မိသားစု အသိုင်းအဝိုင်းများလည်း နေအိမ်ပြောင်းရွှေ့လိုက်ပြီဟု သိရသည်။ ယမန်နေ့ညမှ မြို့တွင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး နှင့် စစ်ဝတ်စုံဝတ်ဆင်ထားသည့် သေနတ်ကိုင် စစ်သားများ ရပ်ကွက်အတွင်း ပတ်တရောင်လှည့်လည်မှုပြုလုပ်နေသည်ဟု မျက်မြင် တစ်ဦးပြောသည်။

KIA တပ်မဟာ (၃) ထိန်းချုပ်နယ်မြေ တပ်ရင်း (၁၅) တပ်စခန်းအနီး မြန်မာစစ်တပ်မှ ဝင်ရောက်လာခြင်း ကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ယခုလို နှစ်ဖက်ကြား စစ်ရေးတင်းမာမှုရှိလာခြင်းဖြစ်သည်။

ဆန်ဂန်ဒေသတွင် အခိုင်အမာတပ်စွဲထားသော KIA ဘွမ်ဆဲန် (Bum Sen Post) တပ်စခန်းအားလည်းရုပ်သိမ်း ပေးရန် အစိုးရစစ်တပ်မှ တောင်းဆိုနေသည်။ KIA ကမူ လုံးဝလက်မခံသဖြင့် ယနေ့အထိပင် တိုက်ပွဲများ ဖြစ်နေဆဲဖြစ်သည်။

Most read this week