အဖမ်းခံရသော စစ်သားချင်း လဲလှယ်ပြီး မြန်မာနှင့် KIA စစ်ပွဲ ခေတ္တရပ်ထား

အဖမ်းခံရသော စစ်သားချင်း လဲလှယ်ပြီး မြန်မာနှင့် KIA စစ်ပွဲ ခေတ္တရပ်ထား
by -
ကချင်သတင်းဌာန

အဖမ်းခံရသော မြန်မာစစ်သား ၆ ဦးနှင့် ကျဆုံး သွားသော ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA) စစ်သား တစ်ဦး၏ ရုပ်အလောင်း လဲလှယ်ခြင်းဖြင့် နှစ်ဖက်တိုက်ပွဲ ခေတ္တရပ်ထားကြောင်း KIA အရာရှိ များပြောသည်။

ဇွန် ၉ ရက် ကြာသပတေးနေ့ ညနေ ၆ နာရီ KIA ပြည်သူ့စစ် တပ်ကြပ်တစ်ဦး၏ ရုပ်အလောင်းနှင့် စစ်ဗိုလ် ၂ ဦးပါ မြန်မာစစ်သား ၆ ဦးဖြင့် လဲလှယ်ပြီးနောက် တိုက်ပွဲရပ်သွားသည်ဟု ရှေ့တန်းသတင်းရပ်ကွက်မှ သိရ သည်။

sang_gang_fighting_bur၎င်း KIA ပြည်သူ့စစ် တပ်ကြပ်မှာ ဗုဒ္ဓဟူးနေ့ နံနက် KIA ဆန်ဂန်တပ်စခန်းတွင် မြန်မာစစ်သားများ၏ အဖမ်းခံရပြီး ရက်ရက်စက်စက် နှိပ်စက်သတ်ဖြတ်ခံခဲ့ရကြောင်း KIA သတင်းရပ်ကွက်က ဆိုသည်။

ဇွန် ၈ ရက် အင်္ဂါနေ့က KIA တပ်ရင်း ၁၅ နယ်မြေ၊ ဆန်ဂန်သို့ထိုးဖောက်ဝင်လာသော မြန်မာစစ်တပ် အရာရှိ ၂ ဦးနှင့် တပ်သား ၁ ဦးအား KIA တပ်များ ရှေ့ဆင့်နောက်ဆင့် ဖမ်းဆီးလိုက်ပြီး ယမန်နေ့ ဆန်ဂန်တိုက်ပွဲတွင် နောက်ထပ် မြန်မာစစ်သား ၃ ဦး စုစုပေါင်း ၆ ဦးဖမ်းဆီးခဲ့သည်ဟု နယ်မြေခံ KIA အရာရှိများ ဆိုသည်။

တိုက်ပွဲအတွင်း အစိုးရစစ်သား ၂ ဦးသေဆုံးကာ ၁၀ ယောက်ထက်မနည်း ဒဏ်ရာရရှိပြီး မြန်မာတပ်၏ အမြောက်ကျည်ဆံကြောင့် KIA စစ်သား ၂ ဦးလည်း ထိခိုက်ဒဏ်ရာရရှိသည်ဟု KIA သတင်းရပ်ကွက်က ဆက်ဆိုသည်။

တိုက်ပွဲဖြစ်ရာနေရာမှာ ဗန်းမော်ခရိုင် အင်မောက်(မိုးမောက်) မြို့နယ်၊ ဆန်ဂန်တွင် ဖြစ်ပြီး နံနက် ရ နာရီမှ မွန်းလွဲ ၁ နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု KIA က ဆိုသည်။

ယခုတိုက်ပွဲသည် မြန်မာစစ်တပ်ဖက်မှ အင်မောက်နယ်မြေခံ ခမရ ၄၃၇၊ မန်မော် (ဗန်းမော်)နယ်မြေခံ ခလရ ၂၃၇၊ ဒေါ့ဖွမ်းယန်နယ်မြေခံ ခလရ ၁၄၂ တပ်ရင်းများအပါအဝင် အခြားတပ်ရင်းများမှ စုစုပေါင်း စစ်အင်အား ၅၀၀ ခန့်နှင့် KIA တပ်ရင်း ၁၅ တို့်ကြား ဖြစ်ပွားခြင်းဖြစ်သည်။

နှစ်ဖက်စစ်သားချင်းအလဲအလှယ်ပြုလုပ်ပြီးနောက် အစိုးရစစ်အင်အားအများစု တပ်ဆုတ်သွားသည်ဟုတိုက်ပွဲ သတင်းရပ်ကွက်မှသိရသည်။

ယမန်နေ့တိုက်ပွဲပြီးနောက် ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်အတွင်း မြန်မာစစ်တပ်နှင့် KIA ကြား ထူးခြား သော စစ်ရေးတင်းမာခြင်း မရှိကြောင်းသိရသည်။

ယခုလို နှစ်ဖက်တိုက်ပွဲများဖြစ်ပွားချိန် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိပ်ပိုင်း ခေါင်းဆောင်များက သမ္မတ ဦးသိန်းစိန်၏ ဗဟိုအစိုးရနှင့် နှစ်ဖက်နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ကြိုးပမ်းနေဆဲဖြစ်ကြောင်း သိရသည်။

Most read this week