တိုင်းရင်းသားအရေး ဖြေရှင်းနိုင်မှ နယ်စပ်တည်ငြိမ်မည်

တိုင်းရင်းသားအရေး ဖြေရှင်းနိုင်မှ နယ်စပ်တည်ငြိမ်မည်
by -
သတင်းနှင့်မီဒီယာကွန်ယက်

မြန်မာပြည်တွင် တိုင်းရင်းသားများ၏ အရေးကို မဖြေရှင်းနိုင်သ၍ နယ်စပ် တည်ငြိမ်မှု ရမည် မဟုတ်ဟု ထိုင်းမြန်မာနယ်စပ် အခြေစိုက်လက်နက် ကိုင် တိုင်းရင်းသား တပ်ဖွဲ့များက ပြောသည်။

ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် မြန်မာ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် တို့ တွေ့ဆုံပြီး နယ်စပ်ဒေသတည်ငြိမ်အေးချမ်းမှု ရရှိစေရန် ညှိနှိုင်းဆောင်ရွက် သွား မည်ဖြစ်ကြောင်းအစိုးရ အာဘော်သတင်းစာများတွင် ဖော်ပြခဲ့သည့်နောက် ယခုလို တုံ့ပြန် ပြောဆိုခြင်းဖြစ်သည်။

ထိုင်းမြန်မာ နယ်စပ်အခြေစိုက် မွန်ပြည်သစ်ပါတီ (NMSP) မှ ပြောရေးဆိုခွင့်ရှိသူ နိုင်ရွှေသိန်း“တိုင်းရင်းသား တွေရဲ့ အရေးကို မှန်မှန်ကန်ကန် မဖြေရှင်းနိုင်သ၍ ကာလပတ်လုံး ဒီနယ်စပ်အရေးကိုလည်း ဖြေရှင်းလို့ ရလိမ့်မယ်လို့ ကျနော် မမျှော်လင့်ဘူး။”  ဟု ပြောသည်။

ထိုင်းမြန်မာ နယ်စပ်အခြေစိုက် အခြားလက်နက်ကိုင် တိုင်းရင်းသားတပ်ဖွဲ့များဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင်နီပြည်တိုးတက်ရေးပါတီ (KNPP) နှင့် ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA-S) တပ်ဖွဲ့များကလည်း အလားတူ ယူဆကြောင်း ပြောဆိုသည်။

ထို့အပြင် ထိုင်းကာကွယ်ရေးဦးစီးချုပ်၏ မြန်မာပြည်ခရီးစဉ်သည် နယ်စပ်ဒေသ တိုင်းရင်းသားများ အရေးနှင့် ပတ်သက်၍ တစုံတရာ ထူးခြားမှု ဖြစ်ပေါ်လိမ့်မည် မဟုတ်ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးစောလှငွေ က ပြောဆိုသည်။

“လက်ရှိ အစိုးရအနေနဲ့ပဲဖြစ်ဖြစ်၊ ထိုင်းတပ်မတော်အနေနဲ့ရော ဖိအားပေးတာပဲ ဖြစ်စေ၊ ဒါမှ မဟုတ် ဆွဲဆောင် စည်းရုံးတာပဲ ဖြစ်စေ အောင်အောင် မြင်မြင် လုပ်နိုင်မှာတော့ မဟုတ်ဖူး။ သူ့နိုင်ငံရဲ့ လုံခြံုရေးနဲ့တည်ငြိမ်ရေး အတွက် မဖြစ်သင့်တာ မဖြစ်အောင် ညှိနှိုင်းနိုင်အောင်လို့ လမ်းခင်းတာပဲ၊ သံတမန်ရေး လုပ်တာပဲလို့ ကျနော်တော့ နားလည်တယ်။”

အစိုးရသစ်အနေနှင့် အမှန်တကယ် ငြိမ်းချမ်းလိုပါက  နှစ်နိုင်ငံ စီးပွားရေးအပေါ် အခြေခံ၍ တိုင်းရင်းသား အဖွဲ့များကို ငြိမ်းချမ်းရေး ကမ်းလှမ်းမှုမျိုး ပြုလုပ်လာနိုင်သော်လည်း တဖက်သတ် အနိုင်ရရေးမူအတိုင်း ပြုလုပ်ပါက ပြေလည်မှု ရမည်မဟုတ်ဟု ကရင်နီပြည်တိုးတက်ရေးပါတီ (KNPP) ၏ အတွင်းရေးမှူးခူးဦးရယ် က ပြောသည်။

“အရင်က ပုံစံလိုမျိုး ကျနော်တို့ကို အပေါ်စီးကနေဘဲ ဖိအားပေးရင်း တဖက်ကနေ စကားပြောဖို့ ကမ်းလှမ်း တယ်။ တွေ့ကြတဲ့အခါမျိုးတွေမှာလည်း တဖက်စောင်းနင်း ဖိအားပေးပြီးတော့ လုပ်ဦးမယ်ဆိုရင်တော့ သိပ်ပြီးတော့ ပြေလည်မယ့် အနေအထားတော့ မရှိဘူး။”

ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA-S) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်း က ထိုင်းဘုရင့် တပ်မတော်၏ မြန်မာပြည်ခရီးစဉ်အပေါ် တစုံတရာ မှတ်ချက်ပေးခြင်းမရှိသော်လည်း နောက်ပိုင်းတွင် မြန်မာအစိုးရ အနေနှင့် ရေကာတာ တည်ဆောက်ရေးလုပ်ငန်း၊ သတ္တုတူးဖော်ရေး လုပ်ငန်းများလုပ်ကိုင်နေ သည့် ထိုင်းစီးပွားရေးလုပ်ငန်းရှင်များမှတဆင့် နယ်စပ်အခြေစိုက် လက်နက်ကိုင် တိုင်းရင်းသား တပ်ဖွဲ့များ အပေါ် ဖိအားပေးမှုများ ရှိလာနိုင်သည်ဟု သုံးသပ်သည်။

တိုင်းရင်းသားဒေသများ၌ ဖြစ်ပွားနေသည့် ပြည်တွင်းစစ်ကြောင့် ထွက်ပြေးလာသည့် ဒုက္ခသည်တစ်သိန်းခွဲ ခန့်အား ထိုင်းမြန်မာနယ်စပ်တွင် ဒုက္ခသည်စခန်းများ ဖွင့်လှစ်၍ ထိုင်းအစိုးရက နေထိုင်ခွင့်ပြုထားခဲ့သည်။

ယင်းဒုက္ခသည်များအား နယ်စပ် တည်ငြိမ်မှု ရရှိပါက နေရပ်ရင်းသို့ ပြန်လည် ပို့ဆောင်မည်ဟု ထိုင်းအစိုးရက အစောပိုင်း ကာလကတည်းက ပြောဆိုမှုများ ရှိခဲ့သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ထိုင်းဘုရင့် ကာကွယ်ရေး ဦးစီးချုပ်၏ ယခုခရီးစဉ်အတွင်း တစုံတရာစိုးရိမ်ရသော် လည်း ထိုင်းအစိုးရအနေနှင့် လူသားချင်းစာနာ ထောက်ထားမှုဖြင့် ဆက်လက် နေထိုင်ခွင့် ပြုလိမ့်မည်ဟု မျှော်လင့်ကြောင်း တိုင်းရင်းသား တပ်ဖွဲ့များက သုံးသပ်ပြောဆိုသည်။

Most read this week