မြန်မာဘူမိပညာရှင်များ ဖားကန့်ဒေသတွင် ကျောက်စိမ်း ကုဋေကျောက်ကြော ထပ်မံတွေ့ရှိဟုဆို

မြန်မာဘူမိပညာရှင်များ ဖားကန့်ဒေသတွင် ကျောက်စိမ်း ကုဋေကျောက်ကြော ထပ်မံတွေ့ရှိဟုဆို
by -
ကချင်သတင်းဌာန

ဖားကန့်ဒေသတွင် ကျောက်စိမ်း ကုဋေကျောက် ကြော တစ်ခုကို မြန်မာဘူမိဗေဒလုပ်ငန်းမှထပ်မံ တွေ့ရှိခဲ့ ကြောင်းပြည်တွင်းဂျာနယ်များမှဖော်ပြ ထားသည်။

၄င်း ဖားကန့်ကျောက်စိမ်း ကုဋေကြောမှ ကျောက်စိမ်းထွက်ရှိနိုင်မှုမှာ ပျမ်းမျှ တစ်ဧကလျှင် ကျောက်စိမ်း ၀ ဒသမ ၃ တန်ရှိနိုင်သည်ဟု ဘူမိဗေဒပညာရှင်များက တွက်ဆထားကြောင်း သိရသည်။
phakant
ဘူမိပညာရှင်များက လွန်ခဲသည့်၁၀ နှစ်ခန့်က ကျောက်စိမ်း တည်ရှိသောနေရာများတွင် ကွင်းဆင်းရှာဖွေ စမ်းသပ်ခဲ့ခြင်းဖြစ်၍  ၂၀၁၀ ပြည့်နှစ် နှစ်ကုန်ပိုင်းအတွင်း ဖားကန့်ဒေသတွင်း ဘူမိဗေဒပညာရှင်များနှင့် ကျောက်စိမ်းများတူးဖော်မှုအား တိုးမြင့်ရှာဖွေသွားရန် စီစဉ်ခဲ့ရာ ယခုနှှစ်အတွင်းရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

မြန်မာအစိုးရသည် အဆိုပါကျောက်စိမ်းများရှာဖွေတူးဖော်ရေးအား အဆင့်မြင့်နည်းစနစ်များ အသုံးပြု၍ရှာ ဖွေရန် လုပ်ဆောင်ခဲ့ပြီး ကုဋေကျောက်စိမ်းကြော နှင့်တကွ ကျောက်စိမ်းကြောများစွာကိုတွေ့ရှိခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ကျောက်မျက်ရတနာများအနက် ကျောက်စိမ်းထုတ်လုပ်မှုမှာ နှစ်စဉ်အများဆုံး ဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်တွင် ကျောက်စိမ်းထုတ်လုပ် ရောင်းချမှုမှ ၀င်ငွေစံချိန်တင် ရရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင်းအဖိုးတန်ကျောက်များထွက်ရာဒေသများတွင် မြန်မာအစိုးရသည် အဆင့်မြင့်နည်းစနစ်များ သုံးကာ ပညာရှင်များနှင့် ဆက်လက်တူးဖော်ရှာဖွေသွားရန် အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။

သို့သော် ကျောက်စိမ်းထွက်ရှိရာ ဖားကန့်ဒေသခံများသည် ယခုလို အဖိုးတန်ကျောက်များတူးဖော်မှုကြောင့် အကျိုးအမြတ်ခံစားခြင်းမရှိသည့်ပြင် အစိုးရနှင့် ပုဂလ္လိက ကုမ္ပဏီများ၏ ဧရာမစက်ယန္တယားများ အသုံးပြု၍ နေ့စဉ်တူးမှုကြောင့် မြေစာများပိတ်ဆို့ပြီး နှစ်စဉ်ရေကြီးမှုဖြင့် ဒေသခံများ အသက်အန္တရာယ် ရင်ဆိုင်နေရ သည်။

ယခုနှစ်အစောပိုင်းကတည်းက မြို့တွင်းထိမြေစာများကိုစုပြုံလာမှုကြောင့် ဒေသခံများနေအိမ်ထိမြေမြုပ် လာပြီး နီးစပ်ရာတောင်ပေါ်များတွင် လျော်ကြေးမရပဲရွေ့ ပြောင်းနေထိုင်နေရကြောင်းပြောင်းရွှေ့ခဲ့ရသည့် ဒေသခံများပြောသည်။

ယခုဆက်ပြီး ကုဋေကျောက်ကြောတူးဖော်မှုပြုလုပ်မည်ဆိုပါက အစိုးရနှင့် တရုတ်ကုမ္ပဏီများထပ်မံဝင်ရောက် လာနိုင်ပြီး ဒေသခံများနေထိုင်သည့်ရွာများတွင်  အဓမ္မနေရာရွှေ့ပြောင်းရမည်ကို စိုးရိမ်ပူပန်နေကြသည်။

မြန်မာအစိုးရမှ ၄င်းတူးဖော်မှုအား တရားဝင်ပြောဆိုခြင်းမရှိသော်လည်း အစိုးရနှင့် ဘူမိပညာရှင်များသည် နေ့စဉ် ဖားကန့်နှင့်ကျောက်စိမ်းထွက်ရာနေရာတလျှောက် စမ်းသပ်တူးဖော်မှုများ ပြုလုပ်နေကြောင်းဒေသခံ များပြောသည်။

Most read this week