မြန်မာနှင့် KIA တပ် ၃ နာရီနီးပါး ပစ်ခတ်မှုဖြစ်ပွား

မြန်မာနှင့် KIA တပ် ၃ နာရီနီးပါး ပစ်ခတ်မှုဖြစ်ပွား
by -
ကချင်သတင်းဌာန

မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ် ဗန်းမော် ခရိုင်၊ မိုးမောက်မြို့နယ်တွင် မြန်မာအစိုးရတပ်နှင့် ကချင်လွတ်မြောက်တပ်ဖွဲ့ (KIA) ကြား ဇွန် ၉ရက်၊ ယနေ့မနက် (၇) နာရီမှစပြီး ၃ နာရီနီးပါး ပစ်ခတ် မှုဖြစ်ပွားခဲ့သည်။

မိုးမောက်မြို့နယ် လွယ်ယိန်းအခြေစိုက် KIA တပ်ရင်း (၁၅) နှင့် မိုးမောက်အခြေစိုက် မြန်မာစစ်တပ် ခမရ (၄၃၇) ကြား မြန်မာဘက်မှ ထိုးစစ်ပုံစံလို KIA တပ်စခန်းအား စတင်ပစ်ခတ်ခြင်းကြောင့် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခြင်းဖြစ်သည်ဟု KIA အရာရှိပြောသည်။

kia_soldier_0906
“သူတို့ မနက်အစောကြီး လူအင်အားတွေနဲ့ တက်လာတယ်။ ကျတော်တို့ နောက်ဆုတ်လိုက်တယ်။ သူတို့ ရှေ့ ဆက်တက်လာတယ်။ ပရန်ကဒုံးရွာမှာ ပစ်ကြတော့တာပဲ။”

ယမန်နေ့ည KIA တပ်ရင်းစခန်းသို့ မြန်မာစစ်သားနှစ်ဦး တိတ်တဆိတ်ဝင်လာသည်ကို KIA မှဖမ်းဆီးထား လိုက်ရာ မြန်မာစစ်တပ်မှ ၎င်းတို့အား ပြန်လွတ်ပေးရန် တောင်းဆိုခဲ့သည်ကို KIA ကငြင်းဆန် လိုက်ခြင်း ကြောင့် မြန်မာစစ်တပ်က စတင်ပစ်ခတ်လာခြင်းဖြစ်သည်ဟု KIA တပ်ရင်း (၁၅)မှ အရာရှိ တစ်ဦးဆို သည်။

“မနေ့က မြန်မာစစ်သား နှစ်ယောက် ငါတို့ နယ်မြေထဲ ဝင်လာလို့ ရပ်ခိုင်းတာ တစ်ယောက်ကသေနတ် ပစ်ထားပြီး ထွက်ပြေးသွားတယ်၊ တစ်ယောက်ကို ဖမ်းထားလိုက်တယ်၊ သူတို့ စစ်ဗိုလ်နှစ်ယောက် တက်လာပြီး သေနတ်နဲ့ သူတို့လူကို လွတ်ဖို့ လာပြောတယ်။ ကျတော်တို့ ဆီက ပြန်မလွတ်တော့ သူတို့ ဘက်က စပစ်လာတာပေ့ါနော။”

တပ်ရင်း (၁၅)နယ်မြေပိုင် KIA ရှေ့တန်းစခန်းဖြစ်သည့် ဆန်ဂန်ကျေးရွာနှင့် ပရန်ကဒုံးကျေးရွာတာပိန်ရေ အားလျှပ်စစ်အနီးတွင် နှစ်ဖက် အပြန်အလှန် (၃)နာရီခန့် ပစ်ခတ်ခဲ့ကြခြင်းဖြစ်သည်။ မြန်မာစစ်တပ်မှ အင်အား (၂၀၀) ကျော်ချီတက်လာကြောင်း သိရသည်။

ဆက်ပြီးပစ်ခတ်မှု မရှိအောင် နှစ်ဖက် ပြန်လည် ညှိိနှိုင်း သဘောတူကာ အပစ်ရပ်စဲထားသော်လည်း ကြိုကြား ပစ်ခတ်မှုများ ဆက်လက်ရှိနေဆဲ ဖြစ်သည်ဟု သိရသည်။

မြန်မာစစ်တပ်ဖက်မှ စစ်သား (၃)ဦး သေဆုံးကာ (၆)ဦး ဒဏ်ရာရရှိပြီး KIAမှ စစ်သား (၂)ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း KIA အတည်ပြု ပြောဆိုသည်။

ယင်း ပစ်ခတ်မှုကြောင့် ဗန်းမော်-လွယ်ဂျေ ကားလမ်းတစ်လျှောက် မြန်မာစစ်တပ်ဖက်မှ စစ်ဆေးမှုများ ပြုလုပ်နေသည်။

အဆိုပါ စစ်ပွဲဖြစ်နေခြင်းအား KIA ဌာနချုပ်လိုင်ဇာမှ အရာရှိ တစ်ဦးမှ စစ်ကြီးတိုက်လေ ကောင်းလေပဲ ၊ စစ်ပွဲ သေးမှ ခက်နေတာ။ ဒါက သူတို့ ဖော်မြူလာပဲလေ။ တစ်ဖက်က ငြိမ်းချမ်းရေး၊ တစ်ဖက်ကစစ်ဖြစ် ပေ့ါ။” ဟု သုံးသပ်ပြောဆိုသည်။

ပြီးခဲ့သည့် လကုန်ပိုင်းတွင်လည်း ဗန်းမော်ခရိုင် အရှေ့တောင်ဘက်တွင် စစ်ပွဲငယ် ဖြစ်ပွားခဲ့သည်။

Most read this week