ဖားကန့် ဂင်ဆီတံတားဖွင့်ပွဲ KIO ကျင်းပ

ဖားကန့် ဂင်ဆီတံတားဖွင့်ပွဲ KIO ကျင်းပ

ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းမှော်ထဲ မြန်မာအစိုးရထိန်းချုပ်နယ်မှကချင်လွတ်မြောက် ရေးတပ်ဖွဲ့ (KIA) တပ်ရင်း (၆) ပိုင်နက်ရှိ ကျောက်စိမ်းမှော်များသို့ အဓိကဆက်သွယ်ပေး သည့် ဥရုချောင်းဖျားတံတားအား KIAမှ ဇွန်လ ရရက်၊ အင်္ဂါနေ့က ဖွင့်လှစ်ပေးခဲ့သည်။

ဂင်ဆီပေါင်းကူး ကြိုးတံတား (ကချင်ဘာသာလို Ginsi Mahkrai)အား ဂင်ဆီအခြေစိုက် KIA တပ်ရင်း (၆)မှ စီမံတည်ဆောက်ပေးခြင်းဖြစ်သည်။ ယခု မိုးရာသီ ဥရုချောင်းရေကြီးချိန် လူများ ယင်းတံတားကိုဖြတ်ပြီး မှော်ထဲ အလွယ်တကူသွားလာနိုင်ခြင်းကြောင့် ဝမ်းသာကျေနပ်ဖြစ်နေကြောင်း သိရသည်။

“ဒီတံတားကြောင့် ဂင်ဆီ ဒေသခံတွေ၊ လောပန်း သူဌေးတွေ၊ ကျောက်စိမ်းတူးသမားတွေ၊ ကုန်သည်တွေအတွက် မိုးတွင်းမှာ ကောင်းကောင်းသွားလာလို့ရပြီဆိုတော့ အားလုံး ဝမ်းသာနေကြတယ်။” ဟု ဖားကန့် မြို့ခံ တစ်ဦးမှ ပြောသည်။

hpakant_uru_river_bridge
ယင်း ကြိုးတံတားအား KIA တပ်ရင်း (၆)မှ ဗိုလ်ကြီး ယောင်ဘာ ဘရန်ရှောင် (Yawngba Brang Shawng) ဦးဆောင် တည်ဆောက်ထားကာ ဖားကန့်မြို့နယ်၊ လောင်ခန်(လုံးခင်း) ကျေးရွာအုပ်စု ဂင်ဆီကျေးရွာနှင့် ဆိုင်းရာကျေးရွာသို့ ဆက်သွယ်ထားသည့်တံတား ဖြစ်သည်။

ဒေသခံ ပြည်သူများနှင့် ကျောက်စိမ်းလုပ်ငန်း လုပ်ကိုင်နေသည့် ခရီးသွားပြည်သူများ မိုးရာသီတွင် သွားလာရေး ခက်ခဲသဖြင့် KIOမှ အမြန်အဆန် ၈ လ အတွင်း အပြီးတည်ဆောက်နိုင်ခဲ့ခြင်း ဖြစ်သည်။

ကြိုးတံတား ဖြစ်သော်လည်း မော်တော်ဆိုင်ကယ်များအပြင် ကားကြီးများလည်း ဖြတ်သန်းသွားနိုင်သည်။hpakant_uru_river_bridge2အဆိုပါ တံတားသည် အရှည် ၂၉၃ ပေ၊ ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၈၇၅ ရှိပြီး စုစုပေါင်း ကျပ်ငွေ သိန်း ၁၄၀၂ ကုန်ကျသည်ဟု တံတားဖွင့်ပွဲ အထိမ်းအမှတ် မော်ကွင်းကျောက်တိုင်၌ ရေးထိုးထားသည်။

ဂင်ဆီ ကြိုးတံတား မတည်ဆောက်မီ ယခင်မိုးရာသီတွင် ဥရုချောင်းမှာ ဝါးဖောင်၊ လှေများဖြင့်သာ သွားလာခဲ့ရသဖြင့် ခရီးသွားလာရာတွင် အခက်အခဲများရှိခဲ့သည်။

မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့(KIO) ကြား ဆက်ဆံရေး ယိုယွင်းနေသည့်အချိန် ယခုလို အောင်မြင်စွာ တံတားတည်ဆောက် နိုင်ခြင်းကြောင့် ဒေသခံများ ဝမ်းမြောက်ဝမ်းသာ ကျေနပ် အားရ နေကြောင်း သိရသည်။

ဖားကန့်မြို့နယ် ဥရုချောင်း ဖြတ်ကျော်သည့် တံတား မှာ ဂင်ဆီတံတား အပါအဝင် လောင်ခန်(လုံးခင်း) တံတား၊ ဖားကန့်မှ မရှီကထောင် ကျေးရွာသို့ ဆက်သွယ်ထားသည့် ကြိုးတံတားနှင့် ကွန်ကရစ်တံတား၊ ဆိုင်းတောင်တံတား စုစုပေါင်း လေးခုတည်ရှိသည်။

Most read this week