ကချင်ခရစ်ယာန်လူငယ်များ ကမ္ဘာ့ပတ်ဝန်းကျင်နေ့ အထူးအစီစဉ် ပြုလုပ်

ကချင်ခရစ်ယာန်လူငယ်များ ကမ္ဘာ့ပတ်ဝန်းကျင်နေ့ အထူးအစီစဉ် ပြုလုပ်
by -
ကချင်သတင်းဌာန

ဇွန် ၅ ရက်တွင်ကျရောက်သည့်ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့တွင် သစ်ပင်စိုက်ပျိုးခြင်းနှင့် ပညာပေး အထူးအစီအစဉ်များကို ကချင်နှစ်ခြင်း ခရစ်ယာန်လူငယ်များက ၂ ရက်ကြာပြုလုပ်ခဲ့ သည်။

“Preserve Your Beautiful World” (ထိန်းသိမ်းစောင့်ရှောက်ပါ သင့်လှပသောကမ္ဘာ) ဆိုသည့် ခေါင်းစဉ်ဖြင့် အစီအစဉ်များကို ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (Kachin Baptist Convention, KBC) လူငယ်ဌာန၏ ဦးဆောင်မှုဖြင့် ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားတွင် ပြုလုပ်ခဲ့သည်။
kbc_environment_day_2011

မြစ်ကြီးနားမြို့ပြင်တွင် သစ်ပင် အပင်ပေါင်း ၃၀၀ ခန့် စိုက်ပျိုးခြင်းအစီစဉ်ကို ဇွန် ၄ ရက်တွင်ပြုလုပ်ခဲ့ပြီး နောက်တစ်ရက် ဇွန် ၅ ရက်တွင် ပညာပေးအစီအစဉ်များကို မြစ်ကြီးနားမြို့ထဲရှိ Gies ကချင်နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းတွင် ကျင်းပရာ လူငယ် ၁၀၀၀ နီးပါးတက်ရောက်ကြောင်း ဦးဆောင်သူများပြောသည်။

ပညာပေးအစီအစဉ်တွင် ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက် ကာကွယ်ရန် ရည်ရွယ်၍ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ကဗျာ၊ ဝတ္တုတို၊ ကာတွန်း၊ ပန်းချီ၊ ဓါတ်ပုံ ပြိုင်ပွဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းအစည်းအဝေးသည် KBC လူငယ်များ၏ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိ်မ်းရေးနေ့ကို ပထမဦးဆုံး အကြိမ်ပြုလုပ်ခြင်းဖြစ်သည်။

“အခု ကချင်ပြည်နယ်မှာ သဘာဝ ပတ်ဝန်းကျင် ပျက်စီးတာ များနေတယ်၊ ဒီ အစီအစဉ်က လူငယ်တွေကို ပတ်ဝန်းကျင်နဲ့ ဆိုင်တာ ပို သိရှိသွားဖို့၊ ပိုပြီး ထိန်းသိမ်းတတ်ဖို့ ရည်ရွယ်ပြီး လုပ်ဆောင်တာပါ” ဟု KBCလူငယ် ခေါင်းဆောင် အတွင်းရေးမှူးမှ ပြောသည်။

၎င်း အစည်းအဝေး၌ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းအသေးစိတ်အား လူငယ် ကော်မတီ တာဝန်ခံ ဆရာ အင်ခွန် တန်ဂွန်းမှ ရှင်းလင်း ပြောဆိုခဲ့သည်။

မြန်မာစစ်အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကြား အပစ်အခတ်ရပ်စဲပြီး ၁၉၉၄ ခုနှစ် နောက်ပိုင်း၌ ကချင်ပြည်နယ်အတွင်း နေရာအနှံ့ရွှေတူးဖော်ခြင်း၊ ကျောက်စိမ်းမှော်အဆမတန်တိုးချဲ့ခြင်းနှင့် ပရမ်းပတာ သစ်ထုတ်ခြင်းကို မြန်မာအစိုးရနှင့် တရုတ်ကုမ္ပဏီများ ပြုလုပ်ခြင်းကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေ တိုးများလာပါသည်။

မလိခမြစ် (ဧရာဝတီမြစ်) အရှေ့ခြမ်းတစ်လျှောက်ရှိ သစ်တောပြုန်းတီးမှုများ ဖြစ်ပေါ်ခဲ့သည်။ ဧရာဝတီမြစ်ဆုံ တွင် ရွှေတူးဖော်နေခြင်းကြောင့် စိမ်းလဲ့နေသည့် မြစ်မှာ အနီရောင် ရေ ပြောင်းလဲလာကာရေထုညစ်ညမ်း မှု ဖြစ်ပေါ်စေကြောင်း KDNG (ကချင်လူမှု ဖွံ့ဖြိုးရေး ကွန်ယက်)မှ ပြောရေးဆိုခွင့်ရှိသူ မအားနန်မှ ပြောသည်။

“မြစ်ဆုံ ရေကာတာ မဆောက်ခင် ရွှေတူးဖို့ ခွင့်ပေးတယ်။ ရွှေကို စက်ကြီးတွေနဲ့ တူးတယ်။ ထွတ်လာတဲ့ နှုံး တွေကြောင့် ရေအနီရောင် ပြောင်းသွားတယ်၊ ဖားကန့်မှာလည်း ကျောက်စိမ်းတူးတယ်။ တောင်တွေကိုတစ်လ အတွင်း တူးလိုက်ကြတယ်။ ချောင်းမှာ မြေစာပုံတယ်၊ နောက် မိုးတွင်း ရေကြီးလာတယ်။ ကျန်တဲ့ ချိန်ဆို ရေခမ်းခြောက်သွားတယ်။ ဒါတွေဟာ သဘာဝ ပတ်ဝန်းကျင်ကို ဆိုးဆိုးရွားရွားဖြစ်စေတယ်”။

ဟူးကောင်းချိုင့်ဝှမ်းရှိ ယုဇန ကုမ္ပဏီမှ ပီလောပီနံ စိုက်ပျိုးရာတွင် အသုံးပြုသည့် ဓါတ်မြေသြစာအသုံးပြုခြင်း ဖြင့် တောရိုင်းတိရိစ္ဆာန်များအား ထိခိုက်စေကြောင်း မအားနန် ဆက်ဆိုသည်။

ယခုချိန်တွင်လည်း မြစ်ကြီးနား မြောက်ဘက် မိုင် ၂၀ ကျော်တွင် တရုတ်-မြန်မာပူးတွဲ တည်ဆောက်နေသော ဧရာဝတီ မြစ်ဆုံရေကာတာစီမံကိန်းအား ရပ်တန့်ရန် ကချင်ပြည်သူများတောင်းဆိုထားသော်လည်း နှစ်ဖက် အာဏာပိုင်များ လက်ခံခြင်းမရှိပါ။

စစ်ကိုင်းငလျင်လမ်းကြောင်းမှ ကီလိုမီတာ ၁၀၀ အောက် အကွာရှိ မြစ်ဆုံရေကာတာသည် ငလျင်ကြောင့် ရေကာတာပေါက်ပျက်လျင် မြစ်အောက်ပိုင်းမှ လူသန်းပေါင်းများစွာ ရေဘေးကြုံတွေ့နိုင်ကြောင်း KDNG က သတိပေးထားသည်။

Most read this week