KIO ပြည်သူများအတွက် မှတ်ပုံတင်ကဒ်ပြား လုပ်ပေး

KIO ပြည်သူများအတွက် မှတ်ပုံတင်ကဒ်ပြား လုပ်ပေး
by -
ကချင်သတင်းဌာန

မြန်မာပြည်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေမှ ပြည်သူများအား KIO ပြည်သူအသိအမှတ်ပြု"အမျိုးသားမှတ်ပုံ တင် ကဒ်ပြားများ” ပြုလုပ်ပေးနေပါသည်။

ယင်း KIO မှတ်ပုံတင်ကဒ်ပြားကို ၂၀၁၀ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သည့် ကချင်ပြည်နယ်ရှိ ကျေးရွာ ဒေသခံများအတွက် စီစဉ်ပြုလုပ်ပေးနေသည်မှာ ယခု KIO မြို့တော် လိုင်ဇာမြို့နှင့် မိုင်ဂျာယန်မြို့တို့တွင် ပြီးစီးတော့မည် ဖြစ်ကြောင်း KIO အရာရှိမှ ဆိုသည်။

090710-kio-laizaရွေးကောက်ပွဲ ကော်မရှင်မှ လွတ်လပ်၍ ရွေးကောက်ပွဲ ကျင်းပရန် အခြေအနေ မရှိသဖြင့် ၉ မြို့နယ်မှ ကျေးရွာပေါင်း (၆၈)ခုနှင့် ၎င်းမြို့ နှစ်မြို့တို့တွင် ရွေးကောက်ပွဲ ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်။

“ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တဲ့ ကျေးရွာက လူတွေအတွက် NRC (National Registration Card)အမျိိုးသား မှတ်ပုံတင် လုပ်ပေးတာပါ။ ဒါက e-ကဒ် (electronic card) ပေ့ါ။ ကွန်ပျူတာနဲ့ လုပ်ထားတယ်။ တစ်နေ့ ဝင်ငွေ ဘယ်လောက်ရှိတယ် (GDP) လိုပေ့ါ။ DNA ပါမယ်။ KIO ဘဏ်ဖွင့်လာရင် ဘဏ် အကောင့် (account) လုပ်ဖို့ ရည်ရွယ်တာပါ။” KIO အရာရှိတစ်ဦးမှ ပြောသည်။

KIO ဗဟို ဌာနချုပ်ရှိ လိုင်ဇာမြို့နှင့် တပ်မဟာ (၃)ရှိ မိုင်ဂျာယန်မြို့နှစ်မြို့တွင် နေထိုင်သည့် လူဦးရေ (၅) သောင်း (ဧည့်သည်များ မပါ) ခန့် ရှိသည့် ဒေသခံများအား မေလ လဆန်းမှ အမျိုးသားမှတ်ပုံတင်ကဒ် ပြုလုပ်နေသည်။

“ကျတော်တို့ လိုင်ဇာမှာက ပြီးနေသလောက်ရှိပြီ။ KIO က အတင်းတိုက်တွန်းတာ မရှိဘူး။ မလုပ်ချင်လဲ ရတယ်။ ကျတော်က လုပ်ချင်လို့ကို လုပ်ထားတာ။” ဟု လိုင်ဇာမြို့ခံ တစ်ဦးမှ ပြောသည်။

KIO လူဝင်မှုကြီးကြပ်ရေးရုံးမှ အသက် ၁၂ အထက် ကလေးမှ စတင်ပြီး "KIO ပြည်သူအသိအမှတ်ပြု မှတ်ပုံတင်ကဒ် (NRC)နှင့် နိုင်ငံခြားသား မှတ်ပုံတင်ကဒ် (Foreign Registration Card, FRC)" ဟု နှစ်မျိုးနှစ်စား ပြုလုပ်ပေးသည်။ KIO ထိန်းချုပ်နယ်မြေမှ ပြည်သူများကို NRC ထုတ်ပေးပြီး နိုင်ငံခြားသားများကို FRC ထုတ်ပေးသည်။

အဆိုပါ မှတ်ပုံတင်ကဒ်တွင် မိမိ ဓါတ်ပုံ၊ အမည်၊ မွေးသက္ကရာဇ်၊ မိဘအမည်နှင့် ကိုယ်ရေးအကျဉ်းပါရှိပြီး ကဒ် တစ်ကဒ်လျင် တရုတ်ငွေ ယွမ် ၃၀ (မြန်မာ ကျပ်ငွေ ၃ထောင်ကျော်) ပေးဆောင်ရသည်။

ယင်းကဒ် ပြုလုပ်ထားခြင်း အားဖြင့် တရုတ်ပြည် ယူနန်ပြည်နယ်၏ မြို့တော် ကူမင်း အထိ သွားလာခွင့် သည်ဟု ကေအို်င်အို အရာရှိများ ဆိုသော်လည်း မြန်မာအစိုးရနယ်မြေ မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့ စသည့် မြို့များသို့ ကိုင်ဆောင်ခွင့် မရှိကြောင်း KIO ဗဟိုကော်မတီ ဒုအထွေထွေ အတွင်းရေးမှူး ဒူကဘာထိန်နန်မှ ဆိုသည်။

“ခုနိုင်ငံရေး အခြေအနေမှာတော့ ဒီကဒ်နဲ့ မြို့ထဲဝင်မယ်ဆိုရင် အစိုးရက အပြစ်ရှာဖို့ ဖမ်းဖို့ အဆင်သင့်ပဲ။ တရုတ်ပြည်မှာ ခရီးသွားရခွင့်ရအောင် အစိုးရမှာတော့ ခွင့်ပြုချက်ယူဖို့ ကျတော်တို့ တောင်းဆိုသွားမယ်။ နိုင်ငံရေးတည်ငြိမ်လာရင်တော့ ဒီလက်မှတ်က နေရာတိုင်းမှာ ကိုင်ဆောင်လို့ ရမယ်။ အားလုံးအသိအမှတ်ပြု လာမှာပါ”။

မှတ်ပုံတင်ကဒ်များနှင့်အတူ သန်းခေါင်စာရင်း၊ အိမ်ထောင်စုစာရင်းများပါ လိုက်လံကောက်ခံနေသည်။

Most read this week