KIA တပ်ရင်း ၉ အနီး မြန်မာတပ်ကူ တပ်ရင်း ၂ ခု တိုးလာ

KIA တပ်ရင်း ၉ အနီး မြန်မာတပ်ကူ တပ်ရင်း ၂ ခု တိုးလာ
by -
ကချင်သတင်းဌာန

ရှမ်းပြည်မြောက်ပိုင်းရှိ ကချင်လွတ်မြောက်ရေးအဖွဲ့ KIA တပ်ရင်း ၉ အနီးသို့ မြန်မာစစ်တပ် တပ်ကူ တပ် ရင်း ၂ ခု တိုးလာသည်ဟု ဒေသခံများပြောသည်။

တပ်ရင်း ၉ သည် မြောက်ဘက် ကချင်ပြည်နယ်ရှိ KIA ဌာနချုပ်နှင့် ဆက်သွယ်ပေးပြီး အရှေ့ဘက်တွင် လွယ်ကန်အခြေစိုက် KIA တပ်မဟာ ၄ ဌာနချုပ်၊ ကိုးကန့်ဒေသနှင့် ‘၀’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (United Wa State Army, UWSA) ဒေသများကိုလည်း ဆက်သွယ်ပေးထားသည်။

kia-battalion-9-map-burmese
မေ ၂၈ ရက် စနေနေ့တွင် လာရှိုးမြို့မှ တပ်ကူများ တပ်ရင်း ၉ အနီး ဒီမာကျေးရွာတွင် တပ်ချနေသည်ဟု ဒေသတွင်း စစ်ရေးစောင့်ကြည့်သူများက ပြောသည်။

ဒီမာတွင် ယင်းတပ်ကူမရောက်ခင်ကတည်းက မြန်မာ စစ်သားအင်အား ၆၀ ရောက်ရှိနေပြီးဖြစ်သည်ဟု ဆက်ပြောသည်။

မြန်မာစစ်သားများ KIA တပ်ရင်း ၉ နယ်မြေထဲဝင်ရောက်လာပါက စစ်ရေးအရ တုန့်ပြန်ရန်အသင့်အနေအထား တွင်ရှိနေသည် ဟု ၎င်းနှင့်နီးစပ်သူများ ဆိုသည်။

ဒီမာကို မြန်မာစစ်တပ်လက်အောက်ရှိ ပြည်သူ့စစ််က ထိန်းချုပ်ထားသည်။ ဒီမာကျေးရွာသည် ဒီမာချောင်း အရှေ့ဘက် KIA ထိန်းချုပ်သည့် ဒတ်နိုင်းကျေးရွာနှင့်ဆက်သွယ်ပေးထားသည်။

တပ်မဟာ ၄ အလယ်ကို ဖြတ်သန်းမည့် လမ်းဖောက်လုပ်နေမှုသည် ပြည်တွင်းစစ်သို့ဦးတည်လာနိုင်ကြောင်း KIA က သတိပေးပြီးနောက် မြန်မာအစိုးရက မေ ၁၄ ရက်တွင် ရပ်ဆိုင်းထားသည်။

ပြီးခဲ့သည့်နှစ် သြဂုတ်တွင် KIA သည် နယ်ခြားစောင့်တပ် (Border Guard Force, BGF) သို့ပြောင်းလဲရန် ငြင်းပယ်ပြီးနောက် မြန်မာစစ်တပ်နှင့် KIA ကြား စစ်ရေးတင်းမာမှု တိုးလာသည်။

မြန်မာနိုင်ငံတွင် ဒေါ်လာသန်းပေါင်းများစွာမြုပ်နှံထားသည့် တရုတ် က ၎င်းတို့အကျိုးစီးပွားကိုပျက်စီးစေမည့် မြန်မာစစ်တပ်နင့် KIA ကြား ပြည်တွင်းစစ်ပြန်ဖြစ်လာမည်ကို မလိုလားဟု ဒေသတွင်းစစ်ရေးလေ့လာသူများက ပြောသည်။

မေလ ၁၉ ရက်တွင် နေပြည်တော်အစိုးရအား KIA က မေလ ၂၅ ရက်နောက်ဆုံးထားပြီး တပ်ဆုတ်ပေးရန် သတိပေးခဲ့သည်။ ထို့အပြင် တပ်မဆုတ်ပါက ဖြစ်လာမည့်ကိစ္စရပ်များအတွက် နေပြည်တော်အစိုးရတွင် တာဝန်ရှိသည်ဟု ပါရှိသည်။

Most read this week