မလေးရှား၌ လက်မှတ်အတု လုပ်မှုနှင့် အဖမ်းခံရသူများ NLD (LA) နှင့် မဆိုင်

မလေးရှား၌ လက်မှတ်အတု လုပ်မှုနှင့် အဖမ်းခံရသူများ NLD (LA) နှင့် မဆိုင်
by -
ဇော်ကြီး

မလေးရှားနိုင်ငံ၌ NLD (LA) အဖွဲ့ဝင် ကဒ်ပြားအတု ပြုလုပ်မှုဖြင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား များသည် ၎င်းတို့၏အဖွဲ့ဝင်များ မဟုတ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(လွတ်မြောက် နယ်မြေ) NLD (LA) မလေးရှားဌာနခွဲမှကြေငြာ ချက်တစ်စောင် ထုတ်ပြန်လိုက်သည်။

ယခု ဖမ်းဆီးခံထားရသူများသည် အဖွဲ့၏ အမည်ကို အလွဲသုံးစားလုပ်၍ ကိုယ်ကျိုးရှာနေသူများသာ ဖြစ်ကြောင်း မလေးရှား အာဏာပိုင်များအပါအဝင် မြန်မာ့အရေး လှုပ်ရှားနေသူများထံ ယနေ့ရက်စွဲဖြင့် ကြေငြာချက် ပေးပို့ခဲ့သည် ဟု NLD (LA) မလေးရှားဌာနခွဲ၏ ဥက္ကဌ ကိုကျော်ကျော်က ပြောသည်။

“ကျနော်တို့ NLD(LA) မလေးရှားက ဒီလို ကိစ္စမျိုးကို လက်မခံနိုင်သလို  ဒီကိစ္စကြောင့် မလေးရှားမှာရှိတဲ့ မြန်မာ လူထုအပေါ်မှာ မကောင်းတဲ့ဆိုးကျိုးတွေ သက်ရောက်လာနိုင်တယ်လေ။ အာဏာပိုင်တွေကလည်း ကျနော်တို့အပေါ် ယုံကြည်မှုတွေ မဲ့လာနိုင်တယ်လေ။ နောက် မလေးရှားရောက်နေတဲ့ တိုင်းရင်းသားတွေ ကလည်း ဒီလိုလုပ်ရပ်အပေါ် မူတည်ပြီးတော့ ကျနော်တို့အဖွဲ့အပေါ် သံသယတွေ ဖြစ်ပေါ်လာနိုင်တယ်လေ။”

မလေးရှားနိုင်ငံသို့ တရားမဝင် ၀င်ရောက်လာသူ မြန်မာနိုင်ငံသားများကို NLD (LA) အဖွဲ့ဝင် ကဒ်ပြား အတု ပြုလုပ်ရောင်းချနေသူ မြန်မာနိုင်ငံသား တစ်ဦးအား မလေးရှားအာဏာပိုင်များက လွန်ခဲ့သည့်ကြာသပတေး နေ့က ဖမ်းဆီးမိခဲ့ကြောင်း မေလ ၂၀ ရက်နေ့ထုတ် မလေးရှားနိုင်ငံ New Straits Times သတင်းစာ၌ ဖော်ပြခဲ့သည်။ 

မလေးရှားနိုင်ငံ အနောက်မြောက်ပိုင်း အလာစတာမြို့မှ အိမ်တစ်အိမ်အား ၀င်ရောက်စစ်ဆေးရာမှ ယင်းသို့ ဖမ်းဆီးမိခြင်းဖြစ်သည်။

ယင်း အမှုကို ဆက်လက် စုံစမ်း ဖော်ထုတ်ခဲ့ရာ အမျိုးသမီး တစ်ဦးအပါအဝင် နောက်ထပ် မြန်မာ ကိုးဦးအား ကဒ်ပြား အတု ပြုလုပ်ရာတွင် အသုံးပြုသည့် Computer နှစ်လုံး၊ Printer တစ်လုံး၊ Scanner တစ်လုံးနှင့် အတူ ထပ်မံ ဖမ်းဆီးမိခဲ့သည်ဟု ယင်းသတင်း၌ ပါရှိသည်။

၎င်း အဖမ်းခံထားရသူ မြန်မာ ၁၀ ဦးအား ယခုအခါ ထိုင်း-မလေးရှား နယ်စပ် ဘလမ်တစ် (Belantik) ထိန်းသိမ်းရေး စခန်း၌ ထားရှိပြီး အမှုရင်ဆိုင်ရန်ရှိသည်ဟု သိရသည်။ NLD(LA) အဖွဲ့ဝင် ကဒ်ပြားအတု ပြုလုပ်မှုနှင့် ပတ်သက်၍ ယခင်ကတည်းက သတင်းများ ထွက်ပေါ်ခဲ့ သော်လည်း ယခု ပထမဆုံးအကြိမ် ဖမ်းဆီးမိခြင်းဖြစ်သည်ဟု သိရသည်။ 

NLD(LA) မလေးရှားမှ ကိုသန်းမင်းလွင်ကတော့ မလေးရှားနိုင်ငံတွင် အဖွဲ့အစည်းကဒ်ပြားတခုခု၊ သို့မဟုတ်  UNHCR လက်မှတ် ကိုင်ဆောင်ထားပါမှ လုံခြံုမှုလည်း ရှိသည့်အပြင် တခြားအကျိုးခံစားခွင့်များလည်း ရရှိနိုင်သည်ဟု ရှင်းပြသည်။

“ဒီကဒ်ကိုင်တဲ့သူရဲ့နောက်မှာ အဖွဲ့အစည်း တခုခုရှိတယ်ဆိုတာ သူတို့သိထားတော့ သူဌေးတို့ဘာတို့ကလည်း လခရှင်းမပေးတာတို့ ဘာတို့ မလုပ်ရဲဘူးလေ။ နောက် ဒီကဒ်တွေ ကိုင်ထားရင်  မလေးရှားက ဘယ်ဆေးရုံ ဘဲဖြစ်ဖြစ် တက်လို့ရတယ်၊ ကျနော်တို့ NLD ကဒ်နဲ့လည်း တက်လို့ရတယ်၊ တခြား ကရင်တို့၊ ချင်းတို့ ဘယ်အဖွဲ့အစည်းရဲ့ ကဒ်နဲ့ပဲဖြစ်ဖြစ် ရတယ်။”

ထိုအကျိုးခံစားခွင့်များ ရှိနေသည့်အတွက် ယခုကဲ့သို့ အဖွဲ့အစည်းကဒ်ပြားအတု ပြုလုပ်ရောင်းချမှုများ ပေါ်ပေါက်လာခြင်း ဖြစ်သည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

လွန်ခဲ့သည့် ၂၀၀၇ ခုနှစ်မှစတင်၍ NLD(LA) မလေးရှား အဖွဲ့အား UNHCR က ဒုက္ခသည်အဖြစ် တရားဝင် အသိအမှတ်ပြုခဲ့ပြီး ၂၀၁၀ ခုနှစ်တွင် အဖွဲ့ဝင်များကို  ဒုက္ခသည်အဖြစ် လျှောက်ထားခွင့် ပြုခဲ့သည်။ ယခုအခါ UNHCR မှ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုပြီးသူ NLD (LA) အဖွဲ့ဝင် တစ်ထောင်ခန့်ရှိပြီး ဆက်လက် လျှောက်ထားဆဲ ငါးရာကျော် ရှိသည်ဟု ကိုကျော်ကျော်က ပြောသည်။

Most read this week