ငြိမ်းချမ်းရေးအတွက် အထူးဆုတောင်းရန် KBC နိုးဆော််

ငြိမ်းချမ်းရေးအတွက် အထူးဆုတောင်းရန် KBC နိုးဆော််
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ်တွင် ကြီးထွားလာသည့် နိုင်ငံရေး ပြဿနာအတွက် အကောင်းဆုံးဖြေရှင်းနိုင်ရန် အထူးဆုတောင်းသွားကြဖို့ တိုက်တွန်းချက်တစ်ခု ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (Kachin Baptist Convention, KBC) က ၎င်းတို့ အသင်းတော်များ ဆီ ပေးပို့လိုက်သည်။

“ဌာနေဒေသအချို့မှာ ကျီးလန့်စာစားနေရပါတယ်။ အချို့ဒေသတွေမှာ ခြိမ်းခြောက်ခံနေရပါတယ်။ စိုးရိမ် ထိတ်လန့် နေရမှုတွေ ပိုများလာပါတယ်။” ဟု မေ ၂၀ ရက် နေ့စွဲဖြင့် ကချင်ဘာသာဖြင့်ရေးသားထားသည့် KBC ရဲ့နိုးဆော်ချက်မှာ ဖော်ပြထားသည်။
kachin_baptist_convention
ဥပုဒ်နေ့တနင်္ဂနွေနေ့ဝတ်ပြုချိန်နှင့် အခြားအစီအစဉ်များတွင်ပါ ငြိမ်းချမ်းရေးအတွက်ဆုတောင်းရန် ၎င်းတို့အသင်းဝင်များအား KBC က တိုက်တွန်းထားသည်။

၁၉၉၄ ခုနှစ် မြန်မာစစ်တပ်နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကြား အပစ်အခတ်ရပ်ဆိုင်းရေးစာချုပ် လက်မှတ်ရေးထိုးခဲ့ပြီး ၁၆ နှစ်အကြာ၊ ၂၀၁၀ ခုနှစ် စက်တင်ဘာ ၁ ရက်နေ့မှစတင်ကာ ၎င်းတို့နှစ်ဖွဲ့ကြား စစ်ရေးတင်းမာမှုများ တစတစ ကြီးထွားလာခဲ့သည်။

ထို့နောက် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)ကို လက်နက်ချဖို့ ဖိအားပေးရန် မြန်မာအစိုးရက ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းရှိ KIA တပ်စခန်းများအနီးသို့ တပ်အင်အားနှင့် လက်နက်ကြီးများ တိုးမြှင့်တပ်ချထားသည်။

၂၀၁၁၊ ဧပြီလ ၂၆ ရက် ကချင်ပြည်နယ်အနောက်ဘက် ဟူးကောင်းချိုင့်ဝှမ်းရှိ KIA တပ်ရင်း ၁၄ နယ်မြေတွင် မြန်မာစစ်တပ်မှအမြောက်ကျည်ဆံတစ်ခု ကျရောက်ပေါက်ကွဲခဲ့သည်။ ယင်းနောက် မြန်မာစစ်တပ်ကပစ်ခတ် လေ့ကျင့်စဉ်အတွင်း မတော်တဆဖြစ်ခဲ့သည်ဟု KIA အား တောင်းပန်ခဲ့သည်။

၂၀၁၁၊ မေ ၁၈ ရက် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် မြို့သစ်နယ်မြေခံ ခမရ ၃၂၀ က ဒွမ်ဘွမ်ကရုန် အခြေစိုက် KIA တပ်ရင်း ၂၅ သို့ ရ၅ မမ အမြောက်ဖြင့် ၃ ကြိမ် ပစ်ခတ်ခဲ့သည်။

ရှမ်းပြည်မြောက်ပိုင်း လွယ်ကန်အခြေစိုက် KIA တပ်မဟာ ၄ သည် ၎င်းတို့ တပ်မဟာ အလယ်ကို ဖြတ်ပြီး ဖောက်လုပ်နေသည့် မြန်မာအစိုးရ၏ လမ်းဖောက်လုပ်နေမှုစီမံကိန်းနှင့် ရင်ဆိုင်နေသည်။

ပဋိပက္ခကိုရှောင်ရှားရန် မြန်မာစစ်တပ်အား လမ်းဖောက်လုပ်နေမှုရပ်ဆိုင်းရန် တပ်မဟာ ၄ ကသတိပေး ခဲ့သည်။

KIA နယ်မြေထဲ ၀င်ရောက်ရန်ကြိုးပမ်းစဉ် မြေမြုပ်မိုင်းကြောင့် မြန်မာစစ်သား ၁၀ ဦးထက်မနည်းသေကြေ ဒဏ်ရာရခဲ့သည်။

Most read this week