SSA နှစ်ဖွဲ့ပေါင်းလိုက်သည့်အပေါ် ကချင်ပြည်နယ်က အဖွဲ့အစည်းတချို့က ထောက်ခံ

SSA နှစ်ဖွဲ့ပေါင်းလိုက်သည့်အပေါ် ကချင်ပြည်နယ်က အဖွဲ့အစည်းတချို့က ထောက်ခံ
by -
ကချင်သတင်းဌာန

သျှမ်းပြည်တပ်မတော် SSA တောင်ပိုင်းအဖွဲ့နှင့် မြောက်ပိုင်းအဖွဲ့တို့ တဖွဲ့တည်းအဖြစ်ပေါင်းစည်း လိုက်ခြင်းအပေါ် ကချင်ပြည်နယ်မှ အဖွဲ့အစည်း တချို့ ကလည်း ထောက်ခံကြိုဆိုလိုက်သည်။

မေလ ၂၁ ရက်နေ့တွင် ကျရောက်သည့် ၅၃ နှစ်မြောက် သျှမ်းပြည်တော်လှန်ရေးနေ့တွင် သျှမ်းတပ်မတော် နှစ်ဖွဲ့ ပူးပေါင်းလိုက်ကြပြီဖြစ်ကြောင်း SSA တောင်ပိုင်းအဖွဲ့ ခေါင်းဆောင် ဒု ဗိုလ်ချုပ်ကြီး ရောဆပ်ကကြေညာ ခဲ့ခြင်းအပေါ် ယခုကဲ့သို့ ထုတ်ဖော်ပြောဆိုလာကြခြင်း ဖြစ်သည်။

ကချင်အမျိုးသားအစည်းအရုံး KNO ဗဟိုကော်မတီ ဒုအထွေထွေ အတွင်းရေးမှူး ဒူကဘာလနန်က ယခုလို သျှမ်းပြည်တပ်မတော် နှစ်ဖွဲ့ ပူးပေါင်းလိုက်ခြင်းအပေါ် နိုင်ငံရေးအရ အကျိုးအမြတ် တခုအဖြစ်သုံးသပ် သည်။

သူက ဆက်လက်ပြီး “SSA တို့ ကျနော်တို့ လုပ်နေတဲ့ တော်လှန်ရေးက စစ်ရေးသက်သက်ကို ဦးတည်နေတာ မဟုတ်ဘူး။ ခုလို သူတို့နှစ်ဖွဲ့ တဖွဲ့ထဲ အဖြစ် ပေါင်းလိုက်တော့ ဘုံရန်သူကို ရင်ဆိုင်ရာမှာ အင်အားကြီး လာမှာ ဖြစ်တယ်။ နိုင်ငံရေးမှာ ပြောဖို့ဆိုဖို့ ပိုပြီး အခွင့်အလမ်း ရှိလာမှာ ဖြစ်တယ်” ဟု ပြောသည်။

ယခုကဲ့သို့ နှစ်ဖွဲ့ ပူးပေါင်းလိုက်ခြင်းကြောင့် သျှမ်းတိုင်းရင်းသားများသည် သျှမ်းပြည်တပ်မတော်အပေါ်ပိုမို ယုံကြည် အားကိုးလာမည်ဟုလည်း မျှော်လင့်သည်ဟု ဆိုသည်။

ကချင်ပြည်နယ်ရှိ သျှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီ (ကျားဖြူ) အဖွဲ့မှ ဦးစိုင်းမောင်အေးကလည်း “ခုလို ပေါင်းလိုက်တော့ ကောင်းတာပေ့ါဗျာ။ သူတို့ပေါင်းသွားတာက  အားအင် တစ်ခုပေါ့။ အနာခံ လုပ်ကြမယ် ဆိုရင်တော့ တချိန်ချိန်တော့ အကောင်းဖြစ်လာမယ်လို့ မျှော်လင့်တယ်” ဟု ပြောသည်။

သို့သော် ယခုလို နှစ်ဖွဲ့ ပူးပေါင်းလိုက်သည့်အတွက် သျှမ်းပြည်တပ်မတော် အင်အားကြီးလာမည့်အချက် အပေါ် မြန်မာအစိုးရက စိုးရိမ်ပူပန်ပြီး ဒေသခံ သျှမ်းတိုင်းရင်းသားများ နယ်မြေတွင် ထိမ်းချုပ်မှု၊ ဖိအားပေး မှုများ ပြုလုပ်လာလျှင် ဒေသခံများအတွက် စိုးရိမ်စရာ ရှိလာနိုင်သည်ဟုလည်း သူက သုံးသပ်သည်။

တိုင်းရင်းသားအဖွဲ့အစည်းအများအပြား မြန်မာစစ်အစိုးရနှင့် ငြိမ်းချမ်းရေး ယူခဲ့ကြချိန်တွင် SSA မြောက်ပိုင်း တပ်ဖွဲ့ ပါ၀င်သွားခဲ့သော်လည်း SSA တောင်ပိုင်းကမူ ငြိမ်းချမ်းရေး မယူပဲ မြန်မာအစိုးရကို ဆက်လက် တိုက်ခိုက်ခဲ့သည်။

ငြိမ်းချမ်းရေးယူထားသော တိုင်းရင်းသား လက်နက်ကို တော်လှန်ရေးတပ်ဖွဲ့များအား နယ်ခြားစောင့်တပ် အဖြစ် အသွင် ပြောင်းလဲရန် ၂၀၀၉ ခုနှစ်တွင် စစ်အစိုးရက ဖိအားပေးလာခဲ့သည်။ ယင်းအချက်ကို SSA မြောက်ပိုင်း တပ်မဟာ ၁ က လက်မခံခဲ့သည့်အတွက် အစိုးရက ၂၀၁၀ခုနှစ် မတ်လတွင် တပ်မဟာ ၁ ကို စတင် တိုက်ခိုက်လာရာမှ နှစ်ဘက် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ အဆိုပါ တပ်မဟာ ၁ က SSPP / SSA မြောက်ပိုင်းအဖွဲ့အမည်ကို ဆက်လက် ခံယူခဲ့သည်။

ယင်းနောက်ပိုင်းမှာ ယခုကဲ့သို့ SSA တောင်ပိုင်းနှင့် မြောက်ပိုင်းအဖွဲ့တို့ ပူးပေါင်းလာခြင်း ဖြစ်သည်ဟု သျှမ်းသံတော်ဆင့် သတင်းဌာနမှ ဦးစိန်ကြည်က ပြောသည်။

Most read this week