KIA နယ်မြေ၌ ပစ်ခတ်မှု ဖြစ်ပွား

KIA နယ်မြေ၌ ပစ်ခတ်မှု ဖြစ်ပွား
by -
ဇော်ကြီး

မြန်မာစစ်တပ်နှင့် ကချင်ပြည်လွတ်မြောက် ရေး တပ်မတော် KIA တပ်ဖွဲ့များအကြား လတ်တလော တင်းမာမှု တိုးမြင့်လာနေရာတွင်် ယမန်နေ့က   နှစ်ဖက် ထိတွေ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု KIA ကပြောသည်။

မြန်မာအစိုးရ၏ ခြေမြန်တပ်ရင်း ခမရ(၁၂၁) မှ လှုပ်ရှားတပ်ဖွဲ့သည် မြစ်ကြီးနားမြို့ အနောက်ဖက် မိုင်(၂၀) ခန့်အကွာတွင် တည်ဆောက်ထားသည့်  KIA တပ်စခန်း တခုအနီးသို့ ချဉ်းကပ် ၀င်ရောက်လာခဲ့ရာမှ ယမန်နေ့ည (၇) နာရီ ခွဲအချိန်ခန့်က နှစ်ဖက် ထိတွေ့မှု ဖြစ်ပွားခဲ့ သည်ဟု KIO ဌာနချုပ်ရှိ ဗဟိုကော်မတီ ရုံးမှ ဦးလနန်က ပြောသည်။

“သူတို့ လှုပ်ရှားတပ်က ကျနော်တို့ရဲ့ တပ်လုံခြံုရေး လုပ်ထားတဲ့ နေရာတဝိုက်ကို၀င်မိတော့ အဲဒီမှာ မိုင်း ပေါက်ကွဲသွားတာ။ ပေါက်ကွဲသွားတော့ သူတို့ လန့်ဖြန့်ပြီး မိုးပေါ်ကို သေနတ်တွေ ထောင်ပစ်တယ်။ ဒီနေ့တော့ အဲဒီကိစ္စ ထပ်ပြီး ကူးစက်လာတာမျိုးတော့ မရှိသေးဘူး။” 

အခင်းဖြစ်ခဲ့သည့် နေရာသည် KIA တပ်မဟာ(၂) လက်အောက်ခံ တပ်ရင်း (၁၁) နယ်မြေအတွင်း ဖြစ်ပြီး အဆိုပါ ဖြစ်စဉ်အတွင်း နှစ်ဖက် ထိခိုက်ကျဆုံးမှုနှင့် ပတ်သက်၍ မသိရသေးပါ။

ထို့အပြင် ထိုနေ့တရက်တည်း၌ KIA တပ်မဟာ(၅) ထိန်းချုပ်နယ်မြေ၊ တပ်ရင်း(၂၅) ဧရိယာ အတွင်းရှိ KIA တပ်စခန်း အနီးပတ်ဝန်းကျင်သို့ မြန်မာစစ်တပ်ဖက်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ရှိခဲ့သော်လည်း တစုံတရာ ထိခိုက်မှု မရှိဟု ဦးလနန်က ပြောသည်။

မြန်မာစစ်တပ်မှ KIA ဒေသအတွင်း စစ်ရေးလှုပ်ရှားမှု ပိုမိုတိုးမြင့်လာခြင်းမှာ ကချင်ပြည် လွတ်မြောက်ရေးအဖွဲ့ KIO က မကြာသေးခင်က နယ်စပ်တနေရာတွင် ဖွဲ့စည်းလိုက်သည့် UNFC ခေါ် ညီညွတ်သော တိုင်းရင်းသား လူမျိုးများကောင်စီအဖွဲ့တွင် ပါ၀င်နေခြင်းကြောင့် အကဲစမ်းသည့် သဘောလည်း ဖြစ်နိုင်သည်ဟု ဦးလနန်က ယူဆသည်။

ယင်းကိစ္စ မဖြစ်ပွားမီ တပ်မဟာ(၂) လက်အောက်ခံ တပ်ရင်း(၅)  ဒေသအတွင်း၌ ကားလမ်းဖောက်လုပ်သည့် ကိစ္စ အကြောင်းပြချက်ဖြင့် အစိုးရတပ်ဖွဲ့များ အင်အားတိုးမြင့် ချထားရုံ သာမက စစ်ရေးလှုပ်ရှားမှု ပိုများလာ သည့်အတွက်  လှုပ်ရှားမှုများ ရပ်တန့်ပေးရန် မြောက်ပိုင်း တိုင်း စစ်ဌာနချုပ် လက်အောက်ရှိ စစ်ဖက်ရေးရာ လုံခြံုရေးအဖွဲ့(စရဖ)ထံ KIA က  အကြောင်းကြားစာတစ်စောင် ပေးပို့ခဲ့သည်ဟု ဦးလနန်က ဆက်လက် ပြောဆိုသည်။ 

“လှုပ်ရှားမှုတွေက ကျနော်တို့ရဲ့ တပ်ရင်းဌာနချုပ် အနီးနားတဝိုက်ပေ့ါနော်၊ ပြောရမယ်ဆိုရင် လက်နက်ငယ် တကမ်းလောက် အရောက်အထိ သူတို့က လာပြီးတော့ လှုပ်ရှားကြတော့ တချိန်ချိန်မှာ မဖြစ်သင့်တဲ့ဟာတွေက ပေါ်ပေါက်သွားနိုင်တယ်။ အဲတာကြောင့် အဲဒီလို တင်းမာမှုကို လျော့ချဖို့အတွက် တပ်ရဲ့လှုပ်ရှားမှုကို ပြန်လည် ရုတ်သိမ်းပေးဖို့ အကြောင်းကြား ထားတဲ့စာ ပေးပို့ထားတာဖြစ်တယ်။”

အလားတူ ကိစ္စရပ်မျိုး KIA ထိန်းချုပ်ရာ အခြားဒေသများဖြစ်သည့် တပ်မဟာ(၁)၊ (၃)နှင့် (၄) တို့တွင်လည်း ဖြစ်ပေါ်လျှက်ရှိရာ  ယင်းကိစ္စများ ရပ်တန့်ပေးရန် အကြောင်းကြား စာကို ယခုလ (၁၆)ရက်နေ့က ပေးပို့ခဲ့ သည်။ သို့သော် (စရဖ)က ယနေ့ နံနက်မှ လက်ခံလိမ့်မည်ဟု သိရသည်။

KIA ခေါင်းဆောင်များ အနေဖြင့် လက်ရှိဖြစ်ပွားနေသည့် ပြဿနာများကို ငြိမ်းချမ်းစွာ ဖြေရှင်း နည်းဖြင့် အဖြေရှာလိုသော်လည်း အကယ်၍ အစိုးရဖက်မှ လိုက်လျောမှုမရှိဘဲ ပိုမိုတိုးမြင့် လုပ်ဆောင်လာပါကမလွဲ မသွေ ခုခံကာကွယ်သွားရန်နှင့် မိမိတို့၏တပ်ရင်း၊ တပ်ဖွဲ့များအား စစ်ရေး သတိရှိရန် ယခင်ကတည်းက အသိပေး ပြောဆိုခဲ့ပြီးဖြစ်သည်ဟုလည်း ဦးလနန်က ဆိုသည်။

ယခင် စစ်အစိုးရ လက်ထက်ကတည်းက နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် တိုက်တွန်း ထားချက်အား KIA မှ လက်မခံ ငြင်းဆန်ခဲ့ပြီးနောက် စစ််ရေးတင်းမာ လာခဲ့ရာမှ အစိုးရသစ် လက်ထက်တွင် နှစ်ဖက် ထိတွေ့မှုများ မကြာခဏ ဖြစ်ပွားခဲ့ပြီး စစ်ရေး အခြေအနေပိုမို တင်းမာစေခဲ့သည်။

Most read this week