UNFC ကို တိုင်းရင်းသား (၆) ဖွဲ့ဖြင့် ပြင်ဆင်ဖွဲ့စည်း

UNFC ကို တိုင်းရင်းသား (၆) ဖွဲ့ဖြင့် ပြင်ဆင်ဖွဲ့စည်း
by -
သတင်းနှင့်မီဒီယာကွန်ယက်

လက်နက်ကိုင် တိုင်းရင်းသား (၁၂) ဖွဲ့ပါ၀င်သည့် ညီညွတ်သော တိုင်းရင်းသား ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ကို အမာခံအဖွဲ့ (၆) ဖွဲ့ဖြင့် ပြင်ဆင် ဖွဲ့စည်းလိုက်သည်။

လက်တွေ့ လုပ်ငန်းစဉ်များ ချမှတ်အကောင်ထည်ဖော်ရာ၌ ထိရောက်အောင်မြင်မှုရစေရန် အဓိက အချက် (၄) ချက် နှင့် ပြည့်စုံသည့်အဖွဲ့များကို အခြေခံ၍ ဖွဲ့စည်းခဲ့သည်ဟု  အသစ်ပြန်လည် ဖွဲ့စည်းလိုက်သည့် UNFC အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ နိုင်ဟံသာက ပြောသည်။

“ဦးဆောင် နိုင်ငံရေးပါတီ အခိုင်အမာရှိတဲ့ အဖွဲ့အစည်းတွေ၊ လက်နက်ကိုင် တပ်မတော် အခိုင်အမာရှိတဲ့ အဖွဲ့တွေ၊ အခြေခံ နယ်မြေရှိတဲ့ အဖွဲ့တွေ၊ အခြေခံပြည်သူလူထုရှိတဲ့ အဖွဲ့တွေကို ကျနော်တို့အခိုင်အမာ ထားပြီးတော့ ဖွဲ့ထားတယ်။ ကျန်တဲ့အဖွဲ့တွေကို ကျနော်တို့က ဆက်စပ်ပူးပေါင်းတဲ့ အဖွဲ့အစည်းတွေ အနေနဲ့ ပူးပေါင်းထားတယ်ဗျ။”

ပြန်လည်ဖွဲ့စည်းခဲ့ရာတွင် ပါ၀င်သည့် အဖွဲ့(၆) ဖွဲ့မှာ ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့(KIO)၊ ရှမ်းပြည်တိုး တက်ရေးပါတီ (SSPP)၊ ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ကရင်နီပြည် တိုးတက်ရေးပါတီ (KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ချင်းအမျိုးသား တပ်ဦး (CNF) တို့ ဖြစ်ကြသည်။

တချိန်တည်းတွင် ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်ကိုလည်း ဖွဲ့စည်းခဲ့ပြီး လက်နက်ကိုင် အဖွဲ့တိုင်းမှ စစ်ဦးစီးချုပ် (သို့မဟုတ်) ဒု-စစ်ဦးစီးချုပ် တစ်ဦးဦး ပါ၀င်သည့် “စစ်ဦးစီးအဖွဲ့” က တနေရာတည်းတွင် စုစည်း၍ စစ်ရေးလုပ်ငန်းစဉ်များကို ထိန်းချုပ် လုပ်ကိုင်သွားမည် ဟု နိုင်ဟံသာက ဆိုသည်။

“အဖွဲ့ဝင်တွေရဲ့ တပ်တွေ အားလုံး ပါ၀င်တယ်ဗျ။ သီးသန့်အဖွဲ့ကြီး တစ်ခုတော့ မဟုတ်ပါဘူး။ သူတို့ တပ်အချင်းချင်းကို ကျနော်တို့က လိုသလိုပေ့ါဗျာ၊ ကောင်းသလို စုစည်းပြီးတော့မှ ဒေသအလိုက်ကို လှုပ်ရှားဖို့ ရှိမယ်။ နောက် အထူး အနေနဲ့ လှုပ်ရှားဖို့ရှိမယ်။”

ဗဟိုအလုပ်အမှုဆောင်အဖွဲ့တွင် KIO မှ ဒုတိယ ဗိုလ်ချုပ်ကြီး အင်ဘန်လက ဥက္ကဌ ဖြစ်လာပြီး၊ ယခင်က UNFC ဥက္ကဌ ဖြစ်ခဲ့သူ KNU မှ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးက ဖက်ဒရယ် ပြည်ထောင်စု တပ်မတော်၏ စစ်ဦးစီးချုပ် အဖြစ် တာဝန်ယူမည် ဖြစ််သည်။

UNFC အဖွဲ့တွင်း အပြောင်းအလဲ လုပ်ခဲ့သည့် အစည်းအဝေးကို ယခုလ ၉ ရက်နေ့မှ ၁၂ ရက်နေ့ထိ နယ်စပ်ဒေသ တစ်နေရာတွင် ကျင်းပခဲ့ပြီး နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းလိုသော်လည်း စစ်ရေးနှင့် ဖြေရှင်းလာပါက စုပေါင်းခုခံ ကာကွယ်သွားမည်ဟု  ယခုလ (၁၄) ရက်နေ့ထုတ် အဖွဲ့၏ ကြေငြာချက်၌ ဖော်ပြထားသည်။

ထို့အပြင် လွန်ခဲ့သည့် မတ်လ (၁၃) ရက်နေ့မှစ၍ ယနေ့အချိန်ထိ အစိုးရတပ်ဖွဲ့များက ရှမ်းပြည်တိုးတက် ရေးပါတီ (SSPP) အပေါ် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းကို ရပ်တန့်ပေးရန်လည်း  တောင်းဆိုထားသည်။

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ကို ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ (၁၆) ရက်နေ့က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ (၁၂) ဖွဲ့ဖြင့် ဖွဲ့စည်းခဲ့သည်။

ယခု အခြေခံ အဖွဲ့တွင် မပါ၀င်တော့သည့် (၆) ဖွဲ့ဖြစ်သည့် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF)၊ လားဟူဒီမိုကရက်တစ် သမဂ္ဂ (LDU)၊ ညီညွတ်သော ရခိုင်အမျိုးသားပါတီ (NUPA)၊ (၀) အမျိုးသား အဖွဲ့ချုပ် (WNO)၊ ပအို၀်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO)၊ ကချင်အမျိုးသားအဖွဲ့ (KNO) တို့သည် ဆက်စပ် အဖွဲ့များအဖြစ် ဆက်လက် တည်ရှိသည်ဟု နိုင်ဟံသာက ပြောသည်။

Most read this week