ထိုင်းအာဏာပိုင်က ဒုက္ခသည်ဦးရေ စိစစ်မည်

ထိုင်းအာဏာပိုင်က ဒုက္ခသည်ဦးရေ စိစစ်မည်
by -
ဇော်ကြီး

ထိုင်းနိုင်ငံမြောက်ပိုင်း တာ့(က်)ခရိုင် အတွင်းရှိ မြန်မာစစ်ပြေးဒုက္ခသည် စခန်း (၃) ခုမှ ဒုက္ခသည် ဦးရေစာရင်းကို ခရိုင်အာဏာပိုင်အဖွဲ့ကစစ်ဆေး ရန်ရှိသည်ဟု သတင်းရရှိသည်။

Mae_la
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR မှ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုပြီးသူများ အပါအဝင် ထပ်မံ စာရင်းသွင်းထားသူများအနေနှင့် စခန်းအတွင်းအမှန်တကယ် နေထိုင်ခြင်း ရှိမရှိစစ်ဆေး သွားမည်ဟု တာ့(က်) ခရိုင်ဥက္ကဌက ဒုက္ခသည်စခန်း တာဝန်ရှိသူ များကို ယခုလ (၇) ရက်နေ့က အစည်းဝေး ခေါ်ယူ ပြောဆိုကြောင်း မယ်လဒုက္ခသည် စခန်းကော်မတီ ဥက္ကဌ စောထွန်းထွန်းက ပြောသည်။

“ထိုင်းအာဏာပိုင်တွေက ဒီဒုက္ခသည်စခန်းမှာရှိတဲ့ လူဦးရေပေ့ါနော်။ မှတ်ပုံတင်ထားတဲ့သူ ဖြစ်ဖြစ် မှတ်ပုံမတင်ထားတဲ့သူဖြစ်ဖြစ် သူတို့က ၀င်ရောက်ပြီးတော့ ရေတွက်မယ့် အစီအစဉ် ရှိတယ်။ဒီဒုက္ခသည် စခန်းမှာ တကယ်နေထိုင်တဲ့လူဦးရေကို သူတို့သိချင်လို့ လုပ်တာပဲလေ။” 

ထိုင်းမြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများသို့ ရောက်ရှိခိုလှုံနေသည့် ဒုက္ခသည်များအနက်  အချို့မှာ အကြောင်းအမျိုးမျိုးကြောင့်  စခန်းပြင်ပသို့ထွက်၍ အလုပ်လုပ်နေကြသော်လည်း ထိုင်းအစိုးရ၏ ပေါ်လစီအရ ဒုက္ခသည်များ စခန်းပြင်ပထွက်ခွင့်ကို ပိတ်ပင်ထားသည်ဟု ကရင်ဒုက္ခသည် ကော်မတီ (KRC) မှ အမည်မဖော်လိုသည့် ကော်မတီဝင် တစ်ဦးက ပြောသည်။

စခန်းတွင်းနေထိုင်သည့် ဒုက္ခသည်အင်အားစာရင်း နှင့်ပတ်သက်၍ ထိုင်းအာဏာပိုင်ဖက်မှ ၀င်ရောက် စစ်ဆေးမှုမျိုး ယခင်က မရှိခဲ့ဘဲ ယခုအကြိမ်သည် ပထမဆုံးဖြစ်သည်။ အကယ်၍ စစ်ဆေးမှုပြုလုပ်စဉ် စခန်းပြင်ပရောက်ရှိနေသူများအား တရားဝင်မှတ်ပုံတင် စာရင်းမှ ပယ်ဖျက်မည်ဟုအစည်းဝေး၌ပြော ကြောင်း ၎င်းက ဆက်ပြောသည်။ 

ထိုင်းနိုင်ငံက UNHCR ၏ ဒုက္ခသည်လက်ခံရေး ပေါ်လစီအား တရားဝင်လက်မှတ် ရေးထိုး ထားခြင်း မရှိသော်လည်း လူသားခြင်း စာနာထောက်ထားသည့် အနေဖြင့် နယ်စပ်ဒေသများ တွင်နေထိုင်ခွင့်ပြု ထားခဲ့သည်။

သို့သော် အခက်အခဲအမျိုးမျိုးကြောင့် စခန်းပြင်ပထွက်၍ အလုပ်လုပ်နေသူများ အတွက်မူဒုက္ခသည် စာရင်းမှ ပယ်ဖျက်ခံရပါက “တချို့ တတိယနိုင်ငံထွက်ချင်တဲ့သူတွေ အနေနဲ့ကြည့်ရင် သွားမယ့် အစီအစဉ်တော့ ပျက်စီးသွားမှာပေ့ါ။” ဟု ကရင်သတင်းစဉ် အယ်ဒီတာ မနန်းဖောဂေ က ပြောသည်။

စစ်ဆေးမှုများကို ယခုလ (၁၁) ရက်နေ့မှ စတင်ရန် ထိုင်းအာဏာပိုင်ဖက်က ပြောဆိုခဲ့ သော်လည်း UNHCR အဖွဲ့၏ မေတ္တာရပ်ခံချက်ကြောင့် စတင်စစ်ဆေးမည့်နေ့ကို ယခုလ (၂၃)ရက်သို့ ရွေ့ဆိုင်းခဲ့သည်။

မယ်လ၊ အုန်းဖျန်နှင့် နို့ဘိုး ဒုက္ခသည်စခန်း(၃)ခုအနက် မယ်လစခန်းအား စတင်စစ်ဆေးရန် ရှိပြီး အစီအစဉ် အသေးစိတ်ကို မသိရသေးသော်လည်း စစ်ဆေးမှုများကို ခရိုင်ဥက္ကဌက ညွှန်ကြားသွားမည်ဟု စောထွန်းထွန်းက ပြောသည်။

ထိုင်းမြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်း (၉) ခု တွင် လူဦးရေ တစ်သိန်းသုံးသောင်းကျော် ရှိသည်ဟု ထိုင်းမြန်မာနယ်စပ် ကူညီစောင့်ရှောက်ရေး ညွှန့်ပေါင်းအဖွဲ့ (TBBC) ၏  ဧပြီလ စာရင်းများအရ သိရသည်။  သို့သော် မယ်လဒုက္ခသည်စခန်း တစ်ခုတည်း၌ အိမ်ခြေ နှစ်သောင်းကျော်နှင့် လူဦးရေ ငါးသောင်းကျော် ရှိသည်ဟု စခန်းတွင်းမှတ်တမ်းများက ဆိုသည်။

Most read this week