UNFC က နိုင်ငံရေး ဦးဆောင်အဖွဲ့ ဖျက်သိမ်းရေး ဆွေးနွေးမည်

UNFC က နိုင်ငံရေး ဦးဆောင်အဖွဲ့ ဖျက်သိမ်းရေး ဆွေးနွေးမည်
by -
ဇော်ကြီး

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ၏ ဖွဲ့စည်းပုံတွင် နိုင်ငံရေးဦးဆောင်အဖွဲ့ ဖျက်သိမ်း၍ ဗဟို ကော်မတီအဖွဲ့နှင့် ဗဟိုအလုပ်အမှုဆောင် ကော်မတီအဖွဲ့(၂)ဖွဲ့သာ ထားရှိရေးအတွက် ဆက်လက် ဆွေးနွေးရန် ရှိကြောင်းသတင်း ရရှိသည်။

၂၀၁၁ ဖေဖေါ်ဝါရီလ လက်နက်ကိုင်တိုင်းရင်းသား (၁၂) ဖွဲ့ဖြင့် ဖွဲ့စည်းခဲ့သည် UNFC ဖွဲ့စည်းပုံ ပြင်ဆင်မှုကို ပြန်လည်ပြင်ဆင်ရေး ကော်မတီဖွဲ့၍ ပြုပြင်ရေးသား ခဲ့ခြင်း ဖြစ်သည်ဟု ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ (KIO) ဒု-ဥက္ကဌ ဗိုလ်ချုပ် ဇော်ဆိုင်းက ပြောဆိုသည်။

“ပြန်လည်ပြုပြင်ရေးဆွဲဖို့ ကော်မတီအငယ်လေးတခု ဖွဲ့စည်းထားလိုက်တယ်။ အဲဒီကော်မတီအငယ်လေးက ဒီလို အကြမ်းပြုပြင်ထားလိုက်တယ်။”

အခြားပြင်ဆင်မှုများလည်း ပြုလုပ်ထားကြောင်း ပြင်ဆင်မှုများကို (၁၂)ဖွဲ့ စုံညီ အစည်းအဝေးတွင် ဆွေးနွေး၊ အတည်ပြုပြီးမှသာ ထုတ်ဖော်ပြောဆိုရန် ရှိသည်ဟု ၎င်းက ဆက်ပြောသည်။

“ဘယ်လို ပြန်ပြီး ပြုပြင်ဖွဲ့စည်းမယ်ဆိုတာတွေ ဆွေးနွေးဖို့ကို ရှိသေးတယ်ဗျ။ အတည်ပြုလို့မရသေးဘူး။ နောက်ပြီး ပြန်ပြီး ဖွဲ့စည်းမယ်ဆိုတာကလည်း ဘယ်လိုပုံစံနဲ့ ရွေးချယ်ဖွဲ့စည်းမယ်ဆိုတာတွေ အားလုံးက အစည်းအဝေးမှာမှပြန်ပြီး ဆွေးနွေးဆုံးဖြတ်ဖို့ ဖြစ်တယ်ဗျ။"

UNFC တွင် အပစ်ရပ်နှင့် အပစ်အခတ် ရပ်စဲထားခြင်းမရှိသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှ ခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားပြီး ဖျက်သိမ်းမည့် နိုင်ငံရေးဦးဆောင် အဖွဲ့၌ တစ်ဖွဲ့ချင်းစီ၏ ထိပ်ပိုင်း ခေါင်းဆောင်များ ပါ၀င်နေသည်။

ဖွဲ့စည်းပုံ ပြုပြင်ရေး ကော်မတီအား ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ (KIO) ဒု-ဥက္ကဌ ဗိုလ်ချုပ် ဇော်ဆိုင်းက ဦးဆောင်၍ KIO တရားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီး လဖိုင်လ၊ ကရင်အမျိုးသား အစည်းအရုံး(KNU) မှ မန်းငြိမ်းမောင်၊ မွန်ပြည်သစ်ပါတီ (NMSP) မှ နိုင်ချေးမွန်၊ ကရင်နီပြည် တိုးတက်ရေးပါတီ (KNPP) မှ ဦးရွှေမျိုးသန့်နှင့် ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSA-N) ခေါ် ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP) မှ စိုင်းဆေအွန်တို့ဖြင့် ဖွဲ့စည်းခဲ့သည်။

အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိစေရန် တိုင်းရင်းသား လက်နက်ကိုင် (၆)ဖွဲ့စုပေါင်း၍ ၂၀၁၀ ခုနှစ် နို၀င်ဘာလက ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး ကော်မတီ (CEFU) ကို စတင်ဖွဲ့စည်းခဲ့သည်။

ထို့နောက် ယခုနှစ် ဖေဖော်ဝါရီလ (၁၆) ရက်နေ့က (CEFU)ကို ဖျက်သိမ်းလိုက်ပြီး အဖွဲ့ဝင်(၁၂)ဖွဲ့ပါ၀င်သည့် တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖြစ် တိုးချဲ့ဖွဲ့စည်းခဲ့သည်။

Most read this week