ခရစ်ယာန်လူငယ် ညီလာခံ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစားပေး

ခရစ်ယာန်လူငယ် ညီလာခံ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစားပေး
by -
ကချင်သတင်းဌာန

“ထိန််းသိမ်း စောင့်ရှောက်ပါ လှပ စုံလင်ရာ သင့်ကမ္ဘာ” ဆိုသည့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက် ရေးနှင့် ပတ်သက်သည့် ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံ နှစ်ခြင်းခရစ်ယာန်အဖွဲ့ ချုပ် (MBC) ၏ (၇) ကြိမ် မြောက် လူငယ် ညီလာခံ ကို ထူးထူးခြားခြား ကျင်းပနေသည်။

ညီလာခံကို ဧရာဝတီတိုင်း ပုသိမ်မြို့နယ် မြောင်းမြ စကောကရင် နှစ်ခြင်း သာသနာဝင်းတွင် ဧပြီ (၂၆)ရက် မှစတင်ကျင်းပပြီး ဧပြီလ (၃၀)ရက် အထိ ကျင်းပသွားမည် ဖြစ်သည်။ မြန်မာ တစ်နိုင်ငံလုံးရှိ နှစ်ခြင်း လူငယ်ကိုယ်စားလှယ် (၁၆၀၀)ကျော်ခန့် တက်ရောက်နေကြောင်း သိရသည်။

myaungmya
“ကျနော်တို့ မြန်မာနိုင်ငံမှာ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုတွေ ရှိနေတယ်၊ ကမ္ဘာတစ်ခုလုံးလည်းပေ့ါနော၊ ဒါကို ထိန်းသိမ်း စောင့်ရှောက်သင့်တာကို မီးမောင်းထိုးပြတဲ့ ညီလာခံတစ်ရပ်ပါ” ဟု ညီလာခံ ကျင်းပရေး တာဝန်ခံ ဆရာရှာမွေလမှ ဆိုသည်။

MBC အသင်းကြီး အနေဖြင့် (၅) နှစ် တစ်ကြိမ် လူငယ်ညီလာခံ ကျင်းပရာတွင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ပတ်သက်၍ ပထမဦးဆုံး အကြိမ် အဖြစ် လူငယ်ညီလာခံတွင် ပြောဆို ဆွေးနွေးခြင်း ဖြစ်သည်။

ပြီးခဲ့သည့် လူငယ်ညီလာခံများတွင် လူမှုဖွံ့ဖြိုး တိုးတက်ရေးပညာပေး အခန်းကဏ္ဍများဖြင့် ညီလာခံ ကျင်းပခဲ့ကြသည်။

လူငယ်အသင်း အနေဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပတ်သက်၍ လက်တွေ့ လုပ်ဆောင်ရမည့် လုပ်ငန်းများအား ညီလာခံအပြီးတွင် ကြေညာစာတမ်းများ ထုတ်သွားမည် ဖြစ်ကာ လုပ်ဆောင်ရမည့် လုပ်ငန်းများတွင် လူငယ်များကို ခန့်အပ် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း  ဆရာရှာမွေလက ဆက်ပြောသည်။

“လူငယ်တွေကို ပုံဖော်ပြီးတော့ ကျတော်တို့က Issue တစ်ခုအနေဖြင့် တင်ပြတယ်။ နောက်ပိုင်း ဘာလုပ်ဖို့ ကျတော်တို့ ဆုံးဖြတ်မယ်၊ ဘာတွေ လုပ်သွားမယ်၊ ဆိုပြီး ကျတော်တို့ ဆက်သွယ်မှု ပိုပြီး လုပ်ဆောင်သွားမယ်။”

မြန်မာနိုင်ငံတွေ သစ်တောပြုန်းတီးမှုများနှင့်အတူ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုများ၊ မြစ်ရေ ခမ်းခြောက်မှုများ ဖြစ်ပေါ်နေသည်ကို တု့ံပြန်သည့် အနေဖြင့် ယခုကဲ့သို့ စီစဉ်ဆောင်ရွက်ခြင်း ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

MBC မြန်မာနို်င်ငံ နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်သည် မြန်မာနိုင်ငံတွင် အကြီးဆုံး ခရစ်ယာန် အသင်းချုပ်ဖြစ်ကာ (၁၈၆၁)ခုနှစ်တွင် ဖွဲ့စည်းထားသည်။ မြန်မာနိုင်ငံ အသီးသီးမှ တိုင်းရင်းသားများ ပါဝင်ဖွဲ့စည်းထားသည့် နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (၁၈)ခုဖြင့် ဖွဲ့စည်းထားသည်။ ဧမာနွေလ နှင့် ယုဒသန် အသင်းတော် (၂)ခုလည်း ပါ၀င်သည်။

Most read this week