ကချင်ပြည်နယ် ဘိန်းရာသီအတွင်း မြန်မာအစိုးရမှ ဘိန်းခွန်ကောက်ခံခဲ့

ကချင်ပြည်နယ် ဘိန်းရာသီအတွင်း မြန်မာအစိုးရမှ ဘိန်းခွန်ကောက်ခံခဲ့
by -
ကချင်သတင်းဌာန

မူးယစ်ပပျောက်ရေး ၁၅ နှစ်စီမံကိန်းကာလစစ်တပ် ကျောထောက်နောက်ခံ မြန်မာအစိုးရသစ်သည်ပြီးခဲ့ သည့် ဘိန်းစိုက်ပျိုးရာသီအတွင်း ကချင်ပြည်နယ် တွင် ဘိန်းခွန်ကောက်ခံခဲ့သည်ဟု ဆိုသည်။

opium_field_burma
ရှမ်းပြည်နယ်နှင့်မတူဘဲ ကချင်ပြည်နယ်တွင် အောက်တိုဘာလမှ မတ်လအတွင်းသာ တစ်နှစ်လျှင် တစ်ရာသီသာ ဘိန်းစိုက်ပျိုးသည်။

မြန်မာစစ်တပ်နှင့် အစိုးရမူးယစ်နှိမ်နင်းရေးအထူးရဲတပ်ဖွဲ့ဝင်များသည် ၎င်းတို့ထိန်းချုပ်နယ်မြေ ၀ိုင်းမော်မြို့နယ်အတွင်း ဘိန်းခင်းပိုင်ရှင်များထံမှ အခွန်ကောက်ခံခဲ့သည်ဟု ဒေသခံများဆိုသည်။

ဘိန်းကို မြန်မာစစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်ပြောင်းလဲသွားသည့် အမျိုသားလွှတ်တော်အမတ် ဦးဇခုန်တိန့်ယိန်း၏ ယခင် ကချင်ဒီမိုကရေစီသစ်တပ်မတော် (New Democratic Army-Kachin, NDA-K) ဒေသများတွင် အဓိက စိုက်ပျိုးသည်။

၂၀၀၉ ခုနှစ် နိုင်ဝင်ဘာလတွင် NDA-K သည် ၎င်း၏ တပ်ရင်း ၃ ရင်းကို အမှတ် (၁၀၀၁)၊ အမှတ် (၁၀၀၂) နှင့် အမှတ် (၁၀၀၃) နယ်ခြားစောင့်တပ်အဖြစ်သို့ ပြောင်းလဲခဲ့သည်။

ဆက်လက်ပြီး မြန်မာစစ်အစိုးရက ၂၀၁၄ ခုနှစ်အထိ ဒေသတွင်းဘိန်းစိုက်ပျိုးခွင့်ပြုခဲ့သည်ဟုယင်းနယ်ခြား စောင့်တပ် အရာရှိတစ်ဦးပြောသည်။

မြန်မာအစိုးရသစ် မူးယစ်စစ်ဆင်ရေးပူးပေါင်းတပ်ဖွဲ့သည် နယ်ခြားစောင့်တပ်နယ်မြေထဲရောက်ရှိလာပြီး ဘိန်းခင်းပိုင်ရှင်များထံမှ အခွန်ကောက်ခံကြောင်း နယ်ခြားစောင့်တပ်အရာရှိတစ်ဦးအတည်ပြုပြော ဆိုသည်။

၃ လ သို့မဟုတ် ၄ လ လျှင်တစ်ကြိမ်တပ်အလှည့်အပြောင်းတွင် နယ်ခြားစောင့်တပ်ဒေသသို့မြန်မာစစ်တပ် များရောက်လာသည်ဟု ဆက်ဆိုသည်။

တနိုင်းမြို့နယ်၊ ရှထူးဇွပ်ရွာ နယ်မြေခံ ခလရ  ၂၉၇ မှ ဒုတပ်ရင်းမှူး ဗိုလ်မှူး ဇော်မိုးဦးဆောင်သည့် ၁၀ ကျော်သည့်တပ်ဖွဲ့က ယခုနှစ် ဧပြီလ ၁၂ နှင့် ၁၃ တွင် ဘိန်းခင်းပိုင်ရှင် မဂျီကော့ဖန်ထံမှ ကျပ်ငွေ ၅၀၀၀၀ ကောက်ခံခဲ့သည်ဟု ဒေသခံများပြောသည်။

၀ိုင်းမော် နယ်မြေခံ ခလရ ၅၈ နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ဇေယျာအောင်တို့အား ဘိန်းခင်းပိုင်ရှင်များက လာဘ်ပေးရသည်ဟု နယ်ခြားစောင့်တပ်မှ သိရသည်။

ဘိန်းခင်းပိုင်ရှင်အများစုသည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှ ဘိုရှန်နှင့် ထိန်ချုန်းဒေသမှ ဖြစ်သည်ဟု နယ်ခြားစောင့်တပ်ကဆိုသည်။

ထွက်ရှိသည့် ဘိန်းစိမ်းများကို တရုတ်နိုင်ငံမြို့ကြီးများသို့ အဓိကအရောင်းချပြီး အချိုု့ကို ရှမ်းပြည်နယ်ရှိ ဘိန်းဖြူချက်စခန်းများသို့ ဖြန့်ဖြူးသည်ဟု သိရသည်။

ရှမ်းပြည်မြောက်ပိုင်းတွင် မြန်မာစစ်တပ်နှင့် မြန်စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်တပ်အကူအညီဖြင့် ဘိန်းစီးပွားရေးသမားများက ဘိန်းဖြူထုတ်လုပ်နေသည်ဟု ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ပြောသည်။

နယ်ခြားစောင့်တပ်ဒေသတွင် ဘိန်းစိုက်ဧက ၂၀၀၀၀ ကျော်ရှိကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) မူးယစ်တိုက်ဖျက်ရေးဗဟိုကော်မတီပြောခွင့်ရ နော်ဘူပြောသည်။

နယ်ခြားစောင့်တပ်နယ်မြေနယ်စပ်တစ်လျှောက် KIO ၏ ဘိန်းခင်းဖျက်ဆီးခြင်းကို မြန်မာစစ်တပ်နှင့်နယ်ခြား စောင့်တပ်များက ပိတ်ပင်မှုများပြုလုပ်ခဲ့သည်ဟု KIO ပြောခွင့်ရ နော်ဘူ ထပ်ဆိုသည်။

Most read this week