ဒေါ်ဘောက်ဂျာ၏ လွှတ်တော် အနိုင်အရှုံး ကန့်ကွက်မှု ရုံးချိန်းရ

ဒေါ်ဘောက်ဂျာ၏ လွှတ်တော် အနိုင်အရှုံး ကန့်ကွက်မှု ရုံးချိန်းရ
by -
ကချင်သတင်းဌာန

၂၀၁၀ ရွေးကောက်ပွဲ မှ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များ အပေါ် ရှုံးနိမ့်သူများက ကန့်ကွက်သည့် အမှုများကို ရွေးကောက်ပွဲ ကော်မရှင်က စစ်ဆေးကြားနာမှုပြန်လည်စတင်မည် ဖြစ်ရာ ယင်းတို့အနက် ကချင်ပြည်နယ်မှ အမျိုးသားဒီမိုကရေစီ အင်အားစု (NDF)ကိုယ်စား လှယ်လောင်း ဒေါ်ဘောက်ဂျာ၏ အမှုလည်းအပါ အဝင် ဖြစ်သည်။

ဒေါ်ဘောက်ဂျာသည် ဖားကန့်မြို့နယ် ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ် အမှတ် ၉ တွင် ယခင် မြောက်ပိုင်းတိုင်းမှူး ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးအုန်းမြင့် (ယခု သမဝါယမဝန်ကြီး) ကို မဲအရေအတွက် (၄၀၀၀) ကျော်ဖြင့် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။

NDF-Bawk-Jaပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ အခန်း (၁၅)တွင် အနိုင်ရ ကိုယ်စားလှယ်အား ရက်ပေါင်း (၆၀)အတွင်း ကန့်ကွက်နိုင်သည့် အချက် အရ၊ ရွေးကောက်ပွဲ အပြီးတွင် မဲမသမာမှုဖြင့် ကော်မရှင်သို့ တိုင်ကြားခဲ့ရာ ဇန်နဝါရီ (၂၆) ရက်တွင် ပထမအကြိမ် ရုံးချိန်းရပြီးနောက် လွှတ်တော် အစည်းအဝေးများ စတင်ခဲ့သဖြင့် အမှုကို ရက် အကန့်အသတ်မရှိ ရွှေ့ဆိုင်းခံခဲ့ရသည်။

ယခု တိုင်ကြားချက် ကြားနာရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မေလ (၃၀) ရက်နေ့သို့ ရုံးချိန်း ပေးလိုက်သည်။

မတ်လကုန် အစိုးရသစ် တက်လာပြီးနောက် အမှုကို ရုပ်သိမ်းရန် အစီအစဉ် ရှိ မရှိ ကော်မရှင်ကဒေါ်ဘောက်ဂျာ ကို မေးမြန်းရာ တွင် ဒေါ်ဘောက်ဂျာက လက်လျှော့မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။

သူမက  “သူတို့က အမှုပြန်ရုပ်သိမ်းမလားပေ့ါ၊ ကျမက မရုပ်သိမ်းဘူး ဆိုရင်ရော ဘာလုပ်မှာလဲပေ့ါ၊ အမှု ရုပ်သိမ်းမယ်ဆိုရင် ရုံးပြန်ချိန်း ပေးမယ်လို့ ပြောလာတယ်၊ မရုပ်ဘူးဆိုရင် သူတို့ ပြန်အစည်းအဝေးလုပ်ပြီး ရုံးပြန်ချိန်း ပေးမယ်လို့ ပြောတယ်၊ ကျမက အမှုမရုပ်သိမ်းဘူး အကောင်းဆုံးဖြစ်အောင် ညှိနှိုင်းသွားမယ်လို့ ပြောလိုက်တယ်။”

ကန့်ကွက်တိုင်တန်းမှုများကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ခုံရုံးများ ဖွဲ့စည်းကာ အမှု တစ်မှုချင်း ကိုင်တွယ်ပေးမည် ဟု NDF ပါတီကိုယ်စားလှယ် အနေဖြင့် ရွေးကောက်ခံရသည့် အမျိုးသား လွှတ်တော် အမတ် ဦးသိန်းညွန့်က ပြောသည်။

“ခုံရုံး ဖွဲ့ပေးမယ်၊ ခုံရုံးက ဆုံးဖြတ်မယ်၊ မကျေနပ်တဲ့ သူက ပြင်ဆင်မှု၊ အယူခံမှုတက်မယ် ဆိုရင် ရွေးကောက်ပွဲ ကော်မရှင်က အပြီးအပြတ် ဆုံးဖြတ်ပေးရမယ်၊ အမှုတစ်ခုချင်းစီ လိုက်ဆုံးဖြတ်တာပေ့ါ၊”ယင်းသို့ ခုံရုံးဖွဲ့စစ်ဆေး ရာတွင် မည်သည့်ကာလ အတွင်း အပြီးစစ်ဆေး ရမည်ဟု သတ်မှတ်ချက် မတွေ့ရှိကြောင်း လည်း ၎င်းက ပြောသည်။

ဒီမိုကရက်တစ် ပါတီ (မြန်မာ)မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ချိုချိုကျော်ငြိမ်းက ကြံ့ခိုင်ရေးပါတီ အမတ်အား စွဲချက်တင်ထားသည့် အမှုကိုမူ မေလအတွင်း အပြီး စစ်ဆေးသွားမည်ဟု ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးသုဝေ ကပြောသည်။

NDF ပါတီမှ အမျိုးသားလွှတ်တော် အမတ် အဖြစ် ရွေးကောက်ခံခဲ့ရသူ ဒေါက်တာ မြဉာဏစိုး ကမူ ရှုံးနိမ့်ခဲ့သည့် ကြံ့ခိုင်ဖွ့ံဖြိုးရေးပါတီမှ စာရေးဆရာ တက္ကသိုလ်မြတ်သူ၏ မဲမသမာမှုဖြင့် စွပ်စွဲ ကန့်ကွက်မှု ရင်ဆိုင်နေရသည်။ အလားတူ ဒီမိုကရက်တစ်ပါတီ မှ အနိုင်ရခဲ့သည့် အမတ်များဖြစ်သည့် ဒေါ်တင်တင်မာ (အမျိုးသားလွှတ်တော်)၊ ဒေါက်တာ ညိုညိုသင်း (တိုင်းဒေသကြီး လွှတ်တော်) တို့လည်း အမှုရင်ဆိုင်နေရဆဲ ဖြစ်သည်။

၂၀၁၀ ရွေးကောက်ပွဲအပြီး မဲမသမာမှုဖြင့် တိုင်ကြားမှုပေါင်း (၂၉)မှုခန့် ရှိသည့်အနက်  အနိုင်ရသူ ကျားဖြူပါတီ အမတ် ဦးစိုင်းမွန်းအား ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်း ဒေါက်တာစိုင်းခမ်းလိုင် က ကန့်ကွက်ရာတွင် ဦးစိုင်းမွန်း ဘက်မှ အနိုင် ရရှိသွားသည့် အမှုသာ ကော်မရှင်က ဖြေရှင်းပြီးစီးခြင်းဖြစ်သည် ဟုဒေါ်ဘောက်ဂျာ၏ တိုင်ကြားမှုကို ကိုင်တွယ်ပေးနေသည့် ရှေ့နေဦးမြင့်သွင်က ပြောသည်။

Most read this week