UNFC အဖွဲ့ဝင်အဖြစ်မှ ရှမ်းတပ်ဖွဲ့ နုတ်ထွက်စာတင်

UNFC အဖွဲ့ဝင်အဖြစ်မှ ရှမ်းတပ်ဖွဲ့ နုတ်ထွက်စာတင်
by -
ဇော်ကြီး

ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSA-N)တပ်ဖွဲ့ က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၁၂) ဖွဲ့ ပါ၀င်သည့်  ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင် အဖြစ်မှ တရားဝင် နုတ်ထွက်စာ တင်လိုက်သည်ဟု သိရသည်။

တိုင်းရင်းသား လက်နက်ကိုင်(၁၂) ဖွဲ့မှ ကိုယ်စား လှယ်များ ထိုင်းမြန်မာနယ်စပ်တနေရာတွင် တွေ့ဆုံ၍ အစည်းဝေးပြုလုပ်ရာ၌ နုတ်ထွက်စာ တင်ခဲ့ခြင်း ဖြစ်သည်ဟု SSA-N အရာရှိများထံမှ သိရကြောင်း ရှမ်းပြည်တပ်မတော် တောင်ပိုင်း SSA-S ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးလောဝ်ဆိုင်းက ပြောသည်။

“သူတို့ရေးဆွဲထားတဲ့ ဒီအခြေခံမူတွေကို လက်မခံနိုင်ဘူးလို့ ပြောတယ်။ ဆိုလိုတာက အခု UNFCကရေးဆွဲ ထားတဲ့ အခြေခံမူတွေက အဖွဲ့အစည်းကို အခြေခံတာလား၊ ဒါမှမဟုတ် လူမျိုးစုကို အခြေခံတာလား နောက်ပြီးတော့ ပြည်နယ်ကို အခြေခံတာလားဆိုတာ တိတိကျကျ ဖော်ပြထားခြင်း မရှိဘူးတဲ့။ သူတို့ လက်ခံထားတာကတော့ ပြည်နယ်ကို အခြေခံတဲ့ အခြေခံမူကို လက်ခံတာတဲ့။ ဒါကြောင့်မို့လို့ အခြေခံမူခြင်း မတူတော့ သူတို့ကလည်း အဖွဲ့ဝင်အဖြစ်နဲ့တော့ သူတို့ ရပ်တည်လို့ မရပါဘူးဆိုပြီးတော့ SSA မြောက်ပိုင်းက အဲလိုပြောတာပဲ။”

UNFC အစည်းအဝေးကို ယခုလ (၈)ရက်နေ့မှ (၁၀) ရက်နေ့အထိ (၃) ရက်ကြာ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တရားဝင် ထွက်ကြောင်း SSA-N မှ ပြောခဲ့သည်ဟု ထိုင်းနိုင်ငံ ချင်းမိုင်မြို့ အခြေစိုက် ရှမ်းသံတော်ဆင့်သတင်းဌာန အယ်ဒီတာချုပ် ဦးခွန်ဆိုင်းက ပြောသည်။

“အစည်းအဝေးလုပ်တော့ မြောက်ပိုင်း SSA ကနေပြီးတော့ အရင်တခေါက် ကတည်းက သူတို့က ထွက်ထားတာတော့ ရှိတယ်။ သို့သော်လည်းပဲ အဲတာ နှုတ်နဲ့ ထွက်ထားတာ ဖြစ်တယ်။ ဒါကြောင့်မို့လို့ အခု တရားဝင်ထွက်တယ်လို့ သူတို့ပြောပါတယ်။”

UNFC တပ်ပေါင်းစု အဖွဲ့တွင်ပါ၀င်သည့် ပအို၀်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် ဥက္ကဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ယခုလို နုတ်ထွက်စာတင်သည့် ကိစ္စအား မသိရှိသေးကြောင်းနှင့် SSA-N တပ်ဖွဲ့ အနေနှင့် ယခင်ကတည်းက ယာယီအဖွွဲ့ဝင်အဖြစ်သာ ပါ၀င်ခဲ့ပြီး တရားဝင် ကိုယ်စားလှယ် မထည့်ဝင်နိုင် သေးသည့်အတွက် အခက်အခဲဖြစ်နေသည်ဟု ဆိုသည်။

အကယ်၍ အမှန်တကယ် နုတ်ထွက်သွားသည်ဆိုပါက ယင်းကိုယ်စားလှယ် ကိစ္စ အပါအဝင် အကြောင်းအရာ နှစ်ခုအပေါ် မူတည်နိုင်သည်ဟု ၎င်းက ပြောသည်။

“ကိုယ်စားလှယ်ပေးဖို့ အခက်အခဲရှိသလား၊ ဒါမှမဟုတ် ရန်သူဝိုင်းတိုက်ခံရတဲ့ အပေါ်မှာ အကူအညီ ၀ုိင်းပေးတာ အားနည်းသလား၊ အကြောင်း တကြောင်းကြောင်းတော့ ရှိမယ်ထင်တယ်။”

လောလောဆယ်တွင် ရှမ်းပြည်တပ်မတော် မြောက်ပိုင်းအနေနှင့်  အစိုးရ၏ ဌာနေပြည်သူ့စစ် ဖွဲ့စည်းရေး အစီအစဉ်ကို လက်မခံငြင်းဆန် ထားသည့်အတွက် ဒေသတွင်း တိုက်ပွဲများ  ဖြစ်ပွားနေချိန် နှစ်ဖက်စစ်ရေး ညှိနှိုင်းမှုများ ဖြစ်ပေါ်လျှက်ရှိသည်ဟု သိရကြောင်း ဗိုလ်မှူးလောဝ်ဆိုင်းက ပြောသည်။

“သုံးလအတွင်း အချိန်ပေးမယ်လို့ပြောတယ်။ SSA တွေကို သူတို့ကလည်း မတိုက်ပါဘူးလို့ ပြောသံတွေ ကြားရတယ်။ နောက်လာမယ့် သုံးလမှာ မြောက်ပိုင်း SSA တပ်တွေ နဲ့ အစိုးရတပ်တွေ ဆွေးနွေးဖို့ အစီအစဉ်တွေ ရှိမယ်လို့ သူတို့က အဲလိုပြောပါတယ်။”

ယခုလ (၁၂)ရက်နေ့က ရှေ့တန်းရောက်နေသည့် SSA မြောက်ပိုင်းတပ်ဖွဲ့များအား ၀မ့်ဟိုင်းဌာနချုပ်သို့ ပြန်လည်ဆုတ်ခွာ ပေးရန်နှင့် နှစ်ဖက် အပစ်အခတ်ရပ်စဲရန် စစ်အစိုးရတပ်က ကမ်းလှမ်းခဲ့သော်လည်း  SSA မြောက်ပိုင်းဖက်မှ လက်မခံခဲ့ကြောင်း  သိရသည်။  ယင်းဆွေးနွေးပွဲ ဖြစ်မြောက်ရန် ဌာနေပြည်သူ့စစ် အသွင်ပြောင်းထားသည့် တပ်ဖွဲ့များမှ ကြားခံဆက်သွယ် ညှိနိုင်းပေးခဲ့သည်။

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ကို အပစ်ရပ်နှင့် အပစ်မရပ်ထားသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့(၁၂)ဖွဲ့ဖြင့် လွန်ခဲ့သည့် ဖေဖော်ဝါရီလ (၁၆) ရက်နေ့ကထိုင်းမြန်မာ နယ်စပ်တနေရာတွင် ဖွဲ့စည်းခဲ့သည်။

Most read this week