UDPKS ကချင်ပါတီ စီးပွားရေးလုပ်ငန်း ထူထောင်

UDPKS ကချင်ပါတီ စီးပွားရေးလုပ်ငန်း ထူထောင်
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် မြစ်ကြီးနားအခြေစိုက် စည်းလုံး ညီညွတ်ရေးနှင့် ဒီမိုကရေစီပါသီ-ကချင်ပြည်နယ် (UDPKS) က “တော်ဝင်မနောသစ္စာ”အလုပ်သမား ရှာဖွေရေး ကုမ္ပဏီ တည်ထောင်ကာ စီးပွားရေး လုပ်ကိုင်နေပြီ ဖြစ်သည်။

ကချင်ပြည်နယ်တွင်းရှိ လူငယ်၊ လူလတ်ပိုင်းများတွင် အလုပ်လက်မဲ့ဦးရေ များပြားနေသဖြင့် အလုပ်ရှာဖွေရေး လုပ်ငန်းကို ဦးစားပေးရခြင်း ဖြစ်ကြောင်း ကုမ္ပဏီ စံမံအုပ်ချုပ်ရေး ဒါရိုက်တာ ဦးခင်မောင်လှမှ ပြောသည်။
hkyet-hting-nan“အခုလောလောဆယ်တော့ အလုပ်သမားရှာဖွေ စုစည်းရေး ကုမ္ပဏီပေ့ါ။ အလုပ်သမား လိုအပ်ရင် ရှာပေးတဲ့ သဘောပါ၊ ကချင်ပြည်နယ်မှာ အလုပ် လိုအပ်တာကြောင့် အလုပ်ရှာပေးဖို့လည်း ဖွင့်ရတာပါ။”

ဦးခင်မောင်လှသည် ဆက်သွယ်ရေး စာတိုက်နှင့်ကြေးနန်းဝန်ကြီးဟောင်း ဗိုလ်မှူးချုပ် သိန်းဇော်၏ အစ်ကို ဖြစ်ပြီး၊ ကုမ္ပဏီအုပ်ချုပ်ရေး အဖွဲ့ဝင်များတွင် ပါတီဥက္ကဌ ဦးခက်ထိန်နန် နှင့်အတူ ဦးစိုင်းရင်ကျန်၊ ဦးရင်မြင့်၊ ဦးရင်စိန် တို့ပါ၀င်သည်။ ၎င်းတို့၏ မတည်ငွေ ကျပ်သိန်း (၁၁၀)ဖြင့် စတင် ထူထောင်ထားသည် ဟု ဦးခင်မောင်လှက ဆိုသည်။

၂၀၁၀ ခုနှစ် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ (၁၅)တွင် နိုင်ငံရေးပါတီများသည် “ပါတီပိုင်”  စီးပွားရေးလုပ်ငန်းများမှ တရားဝင်ရရှိသောငွေနှင့် အမြတ်အစွန်းများမှ ရန်ပုံငွေ ရှာခွင့်ရှိသည်ဟု ပါရှိသည်။

နိုင်ငံရေးပါတီများမှ စီးပွားရေး လုပ်ကိုင်လာခြင်း အပေါ် စီးပွားရေးသမားများ အကြား၌ စိုးရိမ်မှု အချို့ ရှိသော်လည်း နိုင်ငံရေးပါတီများ ဝင်ငွေ ရရှိရန် အတွက် စီးပွားရေး လုပ်သင့်သည် ဟူသော အမြင်များလည်း ရှိနေသည်။

“လူကုန်ကူးပုံစံနဲ့ မဖြစ်သွားဖို့ အရေးကြီးတာပဲ၊ သူတို့ပါတီကလည်း ကချင်ပြည်နယ် ကိုယ်စားပြုပါတီ မဟုတ်ဘူးဆိုတော့ အကြီးအကျယ် ဖြစ်လာစရာမှ မရှိတာ။ ကျတော်တို့ စီးပွားရေးမှာ မလွမ်းမိုးနိုင်ပါဘူး၊ သူတို့ပါတီရပ်တည်ဖို့အတွက် စီးပွားရေးလုပ်တာပါပဲ” ဟု မြစ်ကြီးနား စီးပွားရေးလုပ်ငန်းရှင်တစ်ဦးမှ ဆိုသည်။

UDPKS ပါတီ ဥက္ကဌ နှင့် မြစ်ကြီးနား မဲဆန္ဒနယ်မှ အမျိူးသားလွှတ်တော် အမတ် ဒူဝါခက်ထိန်နန် သည် အခြားတစ်ဖက်တွင် တော်ဝင်ရတနာ ကုမ္ပဏီဖြင့် ကျောက်မျက် ရတနာ လုပ်ငန်း လုပ်ကိုင်နေသည်။

အလားတူ ကချင်အမျိုးသားများ၏ တန်းတူ အခွင့်အရေး အတွက် ဆောင်ရွက်နေသည့် ကချင်လွတ်မြောက်ရေး အဖွဲ့ (ကေအိုင်အို)ကလည်း ကချင်ပြည်နယ် အတွင်း၌ ယခင်စစ်အစိုးရ လက်ထက် ခွင့်ပြုချက်အရ ဘူးဂါး ကုမ္ပဏီ အမည်ဖြင့် လျှပ်စစ်လုပ်ငန်း၊ ကျောက်စိမ်း တူးဖော် ရောင်းဝယ်ရေး၊ ခရီးသွားလာရေး၊ နမ္မတီး သကြားစက်၊ စသည်တို့ကို ပိုင်ဆိုင်ထားသည်။

နယ်ခြားစောင့်တပ် အသွင်ပြောင်းသွားပြီ ဖြစ်သော ကချင်ဒီမိုကရေစီသစ် တပ်မတော် (NDAK) ဥက္ကဋ္ဌဟောင်း (ဆော့်လော်/ အင်ဂျန်းယန်/ ချီဖွေ) မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော် အမတ် ဦးဇခုန်တိန့်ယိန်း သည်လည်း ကချင်ပြည်နယ်တွင်း၌ ပန်ဝါအထွဋ်အထိပ်ကုမ္ပဏီဖြင့် ရွှေနှင့် သတ္တုတူးဖော်ရေး လုပ်ကိုင်နေသည်။

Most read this week