အစိုးရသစ်နှင့် ဆွေးနွေးရေး တပ်ပေါင်းစု အနေဖြင့်သာ လုပ်မည်

အစိုးရသစ်နှင့် ဆွေးနွေးရေး တပ်ပေါင်းစု အနေဖြင့်သာ လုပ်မည်
by -
ဇော်ကြီး

သမ္မတသစ် ဦးသိန်းစိန်ဦးဆောင်သည့်အစိုးရ သစ်ဖြင့် အပစ်အခတ်ရပ်စဲရေးကိစ္စ တွေ့ဆုံဆွေး နွေးရန် ရှိလာပါက တပ်ပေါင်းစုအနေဖြင့်သာ ပြုလုပ်သွားမည်ဟု မွန်ပြည်သစ်ပါတီ NMSP က ပြောကြားလိုက်သည်။

NMSP ၏ ဗဟိုကော်မတီ အစည်းအဝေးတစ်ရပ်ကို ဌာနချုပ် တည်ရှိရာ ရေးချောင်းဖျားတွင် (၈) ရက်ကြာ ကျင်းပခဲ့ပြီး ယခုလိုဆုံးဖြတ် အတည်ပြုခဲ့ခြင်း ဖြစ်သည်ဟု ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင် နိုင်တလညီက ပြောသည်။

“ကျနော်တို့ ရဲ့အဖွဲ့ထဲမှာ ဆုံးဖြတ်ချက်ချတာက တွေ့ဆုံဆွေးနွေးရေးကို ကျနော်တို့ တဖွဲ့တည်း အနေနဲ့ မလုပ်ဖူး။ အခု ကျနော်တို့ တပ်ပေါင်းစု လုပ်ထားတဲ့ UNFC ကနေ တဆင့် တွေ့ဆုံဆွေးနွေးရေး လုပ်မယ်ဆိုတဲ့ သဘောထားက ကျနော်တို့ အဖွဲ့မှာ ရှိပြီးသားပေါ့နော်။ ကျနော်တို့က တစ်ဖွဲ့ချင်း ဆွေးနွေးဖို့ကတော့ မရှိတော့ဘူးပေ့ါနော်။”

စစ်အစိုးရ ၏ ဖိအားပေးမှုများကို စုပေါင်းကာကွယ်ရန် အပစ်ရပ်နှင့် အပစ်မရပ် တိုင်းရင်းသား လက်နက်ကိုင် (၁၂) ဖွဲ့ ပါ၀င်သည့် “ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ” (UNFC) ကို လွန်ခဲ့သည့် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ထိုင်းနယ်စပ်တနေရာတွင် ဖွဲ့စည်း ထားခဲ့သည်။

လတ်တလော အခြေအနေအရ အစိုးရသစ်နှင့် တွေ့ဆုံဆွေးနွေးရန် အစီအစဉ် မရှိသေးကြောင်း NMSP က ပြောသည်။

မွန်ပြည်သစ်ပါတီက နိုင်ငံရေး ပြဿနာများအား နိုင်ငံရေးနည်းအရ ဖြေရှင်းလိုသော်လည်း မြန်မာအစိုးရသစ်မှ စစ်ရေးနည်း အသုံးပြု လာပါက ပြန်လည် ခုခံတိုက်ခိုက်သွားမည်ဟု ဆက်လက်ပြောဆိုသည်။

“ကျနော်တို့ အဖွဲ့အနေနဲ့ နိုင်ငံရေးကိစ္စကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့က အဓိက ဦးစားပေးတာ ပေ့ါနော်။ ဒါကြောင့် ကျနော်တို့ UNFC မှာ နိုင်ငံရေးအရပေ့ါနော် တွန်းအားတွေ ပေးနေတယ်။ ကျနော်တို့ကို လာပြီးတော့ တိုက်ခိုက်မယ် ဆိုရင်တော့ ကျနော်တို့ကတော့ ပြန်လည် ခုခံရမှာ ပေ့ါလေ။”

မွန်ပြည်သစ် ပါတီမှ အကြောင်း အမျိုးမျိုးကြောင့် နှုတ်ထွက်သွားသည့် ဗဟိုကော်မတီ (၉)ဦး နေရာတွင် အစားထိုး ခန့်အပ်ခြင်း မပြုနိုင််သေးမီ ကျန်ဗဟို ကော်မတီဝင်များက ပူးတွဲတာဝန်ယူ ဆောင်ရွက်သွားမည်ဟု လည်း ဆုံးဖြတ်ခဲ့သည်။

မွန်ပြည်သစ်ပါတီသည် ၁၉၉၅ ခုနှစ် ဇွန်(၂၉) ရက်နေ့တွင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သည်။ သို့သော် နယ်ခြားစောင့်တပ်  ဖွဲ့စည်းရေးကို လက်မခံ ငြင်းဆန်ခဲ့သည့် အတွက် ၂၀၁၀ ခုနှစ် စက်တင်ဘာလ (၁) ရက်နေ့ နောက်ပိုင်းတွင် အပစ်ခတ်ရပ်စဲရေး ပျက်ပြားခဲ့သည်။ 

Most read this week