ဧရာဝတီ မြစ်ဆုံ ခရစ်ယာန်လက်ဝါးကပ်တိုင် ရွှေ့ပြောင်းရန် ဖိအားပေးခံနေရ

ဧရာဝတီ မြစ်ဆုံ ခရစ်ယာန်လက်ဝါးကပ်တိုင် ရွှေ့ပြောင်းရန် ဖိအားပေးခံနေရ
by -
ကချင်သတင်းဌာန

မြန်မာအစိုးရသစ်က ကချင်ပြည်နယ် ဧရာဝတီ မြစ်ဆုံတွင် နှစ်ပေါင်းများစွာက စိုက်ထူခဲ့သော ကချင်ခရစ်ယာန် လက်ဝါးကပ်တိုင်ကြီး နှစ်ခုအား နေရာရွှေ့ပြောင်းပေးရန် ယခုလ လဆန်းပိုင်းမှ ပိုမိုဖိအားပေးလာကြောင်း အသင်းတော်လူကြီး များ ပြောသည်။

irrawaddy_dam_kachin
မလိခ-အင်မိုင်ခ (မလိခ-မေခ)မြစ်နှစ်ခု ဆုံဆည်းရာ မြစ်ဆုံအနီး အရှေ့ဘက်တောင်ထိပ်တွင် မြစ်ဆုံရွာ တန်ဖရဲမှ နှစ်ခြင်းနှင့် ရိုမန်ကတ်သလစ် အသင်းတော်တို့မှ လက်ဝါးကပ်တိုင်ကြီး နှစ်ခုအား နေရာတခုစီတွင် သီးခြား စိုက်ထူထားပါသည်။

ယင်းနေရာကို ကချင်လို ‘အူဒန်ဘွမ် (Wudang Bum)’ ဟု ခေါ်သည့် လက်ဝါးကပ်တိုင်တောင်သည် ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနား၏ မြောက်ဘက် ၂၇ မိုင်အကွာတွင် တည်ရှိသည်။

မြစ်ဆုံရွာ တန်ဖရဲတွင် ရေကာတာစီမံကိန်းရပ်တန့်ရေး ယခုလို ကချင်နှစ်ခြင်းနှင့် ရိုမန်ကက်တလစ် အသင်းတော်များ ဆုဆောင်းပွဲကျင်းပနေပုံ။ ဓါတ်ပုံ-ကချင်သတင်းဌာန

အသင်းတော် နှစ်ခုမှ ခေါင်းဆောင်များအား ၎င်းတို့၏ လက်ဝါးကပ်တိုင်များ ရွှေ့ပြောင်းပေးရန်မြစ်ဆုံရေ ကာတာ စီမံကိန်း တာဝန်ယူတည်ဆောက်နေသည့် မြန်မာပြည်မှ အေးရှားဝေါလ်ကုမ္ပဏီနှုင့် တရုတ်အစိုးရပိုင် စီပီအိုင် (China Power Investment Corporation, CPI) တို့က ဖိအားပေးနေခြင်းဖြစ်ကြောင်း ဆိုသည်။

ဧပြီ ၈ ရက်တွင် မြစ်ကြီးနားခရစ်ယာန်ကောင်စီ (Myitkyina Christian Council, MCC) တွင် သြဇာရှိသူ ခေါင်းဆောင်ဟောင်း သိက္ခာတော်ရဆရာတော် မဒိန်ဇုန်းကျန််းအား ရေကာတာစီမံကိန်းထဲရှိအေးရှားဝေါလ််း ရုံးခန်းသို့ဖိတ်ကြားပြီး လက်ဝါးကပ်တိုင်များ ပြောင်းရွှေ့ရေးကိစ္စ တိုင်ပင်ခဲ့သည်ဟု သိရသည်။

စည်းဝေးပြီးနောက်ပိုင်း ဆရာ ဇုန်းကျန်းက ၎င်းဘာသာရေးအဖွဲ့နှစ်ခုမှ ခေါင်းဆောင်များအားလက်ဝါးကပ်တိုင် များကို ရွှေ့့ပြောင်းရန် အကြံပြုခဲ့သည်။ သို့သော် MCC ခေါင်းဆောင်ဟောင်း၏ အကြံုပြုချက်ကိုအသင်းတော် နှစ်ခုမှ ယခုတိုင် ငြင်းဆန်နေဆဲဖြစ်သည်ဟု အသင်းတော်ခေါင်းဆောင်များပြောသည်။

တန်ဖရဲကျေးရွာက နှစ်ခြင်းနှင့် ကတ်တလစ် ခရစ်ယာန်ဘာသာဝင်များက MCC ခေါင်းဆောင်ဟောင်း၏ ရပ်တည်ချက်အတွက် ၀မ်နည်းခဲ့ရကြောင်းနှင့် ယခု လက်ဝါးကပ်တိုင်ပြောင်းရွှေ့ရေးကိစ္စတွင် ဆရာတော်သည် ကုမ္ပဏီများဘက် ရပ်တည်ပေးရမှာထက် ၎င်းတို့ဘက်မှရပ်တည်ပေးသင့်ကြောင်း ဝေဖန်နေကြသည်။

ထို့အတူ ၂၀၀၇ ခုနှစ်က မြန်မာတပြည်လုံးရှိ ကချင်အမျိုးသားများကိုယ်စား ကချင်အမျိုးသားများအတိုင်ပင်ခံံ အဖွဲ့ (Kachin Nationals Consultative Assembly, KNCA) မှ ဦးဆောင်ပြီး မြန်မာစစ်ခေါင်းဆောင်ဗိုလ်ချုပ် မှူးကြီး သန်းရွှေထံ ပေးပို့ခဲ့သည့် မြစ်ဆုံရေကာတာကန့်ကွက်ခြင်း အိတ်ဖွင့်ပေးစာတွင် ယခု ငြိမ်းချမ်းရေး သံတမန်၊ ကချုင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးဟောင်း သိက္ခာတော်ရဒေါက်တာ ဆဘွဲဂျံုက ထောက်ခံချက်ပေးရန် ဖိတ်ခေါ်ခြင်းအား ငြင်းဆန်ခဲ့သည်။

ဆက်လက်ပြီး ဧပြီ ၁၂ ရက် တွင် လက်ဝါးကပ်တိုင် နေရာပြောင်းရွှေ့ရေးဆွေးနွေးပွဲကို မြို့တော်ခန်းမ (မြစ်ကြီးနား)တွင် ထပ်မံ ပြုလုပ်ခဲ့ပြီး စီပီအိုင်နှင့် အေးရှားဝေါလ်ကိုယ်စားလှယ်များ၊ တန်ဖရဲကျေးရွာမှ နှစ်ခြင်းနှင့် ကတ်သလစ်ခေါင်းဆောင်များနှင့်အတူ ဆရာဇုန်းကျန်းလည်း တက်ရောက်ခဲ့သည်။

၂၀၀၉ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်တွင် မြန်မာစစ်အစိုးရက မြစ်ဆုံရေကာတာတည်ဆောက်ခြင်း စတင်ကြောင်း တရားဝင် ကြေညာခဲ့ပြီးနောက် စီမံကိန်းဧရိယာအတွင်းရှိ ကျေးရွာများပြောင်းရွှေ့ခြင်းကို ယမန်နှစ် မေလမှ စတင်ပြုလုပ်လာသည်။

မြစ်ဆုံရေကာတာစီမံကိန်းအတွင်းမှ ကျေးရွာပေါင်း ၄၇ ရွာမှ ရွာသား ထောင်ဂဏန်း အစိုးရစံပြကျေးရွာ ရွာသစ်များသို့ အတင်း ပြောင်းရွှေ့ခဲ့ပြီးဖြစ်သည်ဟု ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့ (Kachin Development Networking Group, KDNG)မှ အတွင်းရေးမှူး ဆလန် စာဂျီးပြောသည်။

KDNG သည် ဧရာဝတီမြစ်ဆုံရေကာတာစီမံကိန်း အစီရင်ခံစာအမျိုးမျိုး ထုတ်ဝေခဲ့သည့် အဖွဲ့လည်းဖြစ်သည်။

ရေကာတာ စီမံကိန်းကြောင့် လူဦးရေ အနည်းဆုံး ၁၅၀၀၀ ကျော်သည် အတင်းနေရာပြောင်းရွှေ့ခံရမည် ဖြစ်သလို ငလျင်ကြောင့် ရေကာတာကျိုးပေါက်လျှင် မြစ်အောက်ပိုင်းရှိ လူပေါင်းသိန်းနှင့်ချီ ရေလွှမ်းမိုးဒဏ် ခံရမည်ဖြစ်သည်ဟု KDNG က သတိပေးထားသည်။

KDNG နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တို့သည် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တရုတ်သမ္မတ ဟူဂျင်တောင်ထံသို့ ဧရာဝတီမြစ်ဆုံရေကာတာစီမံကိန်းရပ်တန့်ပေးရန် အိတ်ဖွင့်ပေးစာများ သီးခြားစီ ပေးပို့ခဲ့သော်လည်း တောင်းဆိုချက်မှာ ယခုတိုင်လျစ်လျူရှူခံနေရဆဲဖြစ်သည်။

Most read this week