ဟူးကောင်း ကချင်မနောပွဲတွင် ဆင် မဲဖောက်ပေး

ဟူးကောင်း ကချင်မနောပွဲတွင် ဆင် မဲဖောက်ပေး
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် တနိုင်းမြို့နယ်၊ ဟူးကောင်းတွင် ယခုနှစ် ကချင်ရိုးရာနှီးနောဖလှယ်ပွဲတွင်အသစ် အဆန်း အနေဖြင့် ကံစမ်းမဲဖောက်သည့်အစီစဉ် များပြုလုပ်ရာ ပေါက်မဲများကို ဆင် (သို့) သိန်း ၁၅၀ဖောက်ပေး နေသည်။

ကံစမ်းမဲ ပထမဆု အဖြစ် ဆင် (သို့မဟုတ်) သိန်း ၁၅၀ကို ပေးအပ်ချီးမြှင့်ခြင်းဖြစ်ပြီး ကံစမ်းမဲ ပေါက်သူသည် ဆင်ကို ရွေးချယ်သွားခဲ့သည်ဟု ပွဲတော်တက်ရောက်ခဲ့သည့် မြစ်ကြီးနားမြို့နယ် ကချင်ရိုးရာဗဟိုကော်မတီ ဝင် တစ်ဦးမှ ပြောသည်။

“ဒါက ကမ္ဘာမှာ ပထမဆုံး လုပ်လိုက်တာပဲ၊ ဆင်က ငယ်သေးတယ်၊ ဆင်စွယ် မရှိသေးဘူး၊ဆင်မကြိုက်ရင် တော့ သိန်း ၁၅၀ ပေးမယ်ပေ့ါ၊ ဆင်က တော်တော်ကြီးတယ်။”
hugawng-kachin_manau

ဆင်ကံစမ်းမဲအား စစ်ကိုင်းတိုင်း၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ထိန်းချုပ်နယ်မြေ၊ တရိုကျေးရွာ သစ်မှ ဦးထွန်းဆိုသူ ရရှိသွားခြင်းဖြစ်ပြီး ၄င်းသည် တစ်စောင်လျှင် ကျပ် ၂၀၀၀ ပေးရသော ကံစမ်းမဲအစောင် ၁၀၀ ကျပ်ငွေ ၂ သိန်းအကုန်အကျဖြင့် ဝယ်ယူထိုးခဲ့ရာ မဲနံပါတ် ၉ သောင်း ဖြင့် ပေါက်သွားခဲ့ကြောင်းတနိုင်း မနောဖြစ်မြောက်ရေး ကော်မတီဝင်များမှသိရသည်။

မဲပေါက်သည့် ဦးထွန်းက မနောဖြစ်မြောက်ရေး ကော်မတီထံမှ ဆင်ကို ရယူခဲ့သော်လည်း ၎င်း၏ အိမ်သို့ သယ်ယူရန် ခရီးဝေးသဖြင့် ဆင်ကို သိန်း ၁၂၀ နှင့် ပြန်လည်ရောင်းချခဲ့ကြောင်း ၎င်းကော်မတီဝင်မှ ပြောသည်။

ယင်း ဟူးကောင်း ကချင်ရိုးရာမနောပွဲတော်ကို ဧပြီ ၄ ရက်နေ့ မှ ရရက်နေ့ အထိ စည်ကားစွာ ကျင်းပခဲ့ပြီး မနောပွဲတော် က ရာတွင်  နာဂ၊ ရှမ်း၊ အိန္ဒိယ ကချင် စသည့် လူထုပရိသတ် ၅၀၀ခန့် တက်ရောက်ပါဝင်ကခဲ့ ကြသည်။

ကချင်ပြည်နယ်တွင် ဟူးကောင်းချိုင့်ဝှမ်းသည် ဆင်အသုံးများဆုံးနေရာ တစ်ခုဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေး လည်း ခက်ခဲသောကြောင့် ဆင်ဖြင့်သာ ကုန်တင်၊ သစ်ဆွဲ လုပ်ငန်းများ လုပ်ကိုင်နေကြရသည်။

“ရွှေမှော်မှာက ကားလမ်းသွားလို့မရဘူး၊ ကုန်တွေက လူမလို့ မရဘူး၊ စက်ကြီး၊ ဓါတ်ဆီ၊ဒီဇယ်ဆီပုံးကြီး တွေကို ဆင်နဲ့ပဲ တစ်မိုင်၊ နှစ်မိုင် အခကြေးယူပြီး ဆွဲနေကြရတာ၊ ဒီမှာက ဆင်မရှိမဖြစ်ပဲ” ဟု ဟူးကောင်း ဒေသခံတစ်ဦး ပြောသည်။

ဆင် တစ်ကောင် ငှားရမ်းခ တစ်လကို ကျပ် သိန်း (၃၀) ခန့် ပေးရပြီး တစ်နေ့ ငှားရမ်းယူလျှင် ကျပ်ငွေ (၁) သိန်း ပေးရကြောင်း ဒေသခံမှ ပြောသည်။

ကချင်ရိုးရာ မနောပွဲတွင် နှစ်စဉ်နှစ်တိုင်း ကံစမ်းမဲကို သုံးဘီးဆိုုင်ကယ်၊ မော်တော်ဆိုင်ကယ်၊ တီဗွီ၊ ကာရာအိုကေ အောက်စက် စသည်ဖြင့် ကံစမ်းမဲ ဖောက်လေ့ရှိရာ ယခုနှစ်မနောပွဲတော်တွင်မူ ဆင် ကံစမ်းမဲ ဖောက်နိုင်သည့် အတွက် ကချင်လူထုတစ်ရပ်လုံး ဂုဏ်ယူဝ့ံကြွား ကျေနပ် ပျော်ရွှင်နေကြသည်။

ကံစမ်းမဲ လက်မှတ်ရောင်း ကော်မတီခွဲမှ ၎င်းတို့၏ ခရီးစရိတ်၊ အသုံးစရိတ်များ နှုတ်ယူပြီး လက်ကျန်ငွေ လက်မှတ်ဖိုး ကျပ်ငွေ သိန်း (၁၄၀)ကို မနောဖြစ်မြောက်ရေး ကော်မတီသို့ အပ်နှံခဲ့သည် ဟုပြောသည်။

ပြည်ထောင်စု အစိုးရသစ်မှလည်း ၎င်းပွဲအတွက် လှူဒါန်းသည့်် (၁၄၈) သိန်း ကို လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးကမန်းဒူနော်နှင့် ပညာရေး၊ လူမှုရေး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဒေါ်ဖောင်ရမ်ဘောက်ဂျာ တို့ တက်ရောက်လွဲအပ်ခဲ့သည်။

မနောပွဲ တစ်ကြိမ် ကျင်းပလျှင် ကျပ်ငွေ သိန်း ၂၀၀၀ ကျော် ကုန်ကျလေ့ရှိပြီး ၂၀၀၁ခုနှစ် ကချင်ပြည်နယ်နေ့ မနောပွဲတော်တွင်မူ ကျပ်သိန်း ၃၀၀၀ ကျော် ကုန်ကျခံကာ ပွဲတော် စည်းကား သိုက်မြိုက်စွာကျင်းပခဲ့ကြ သည်။

ယခုနှစ် ဟူးကောင်း မနောပွဲတော်တွင်မူ ကျပ်ငွေ သိန်း ၁၀၀၀ ကျော် ကုန်ကျခဲ့ကြောင်း သိရသည်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မကခ)မှ တိုင်းမှူး ဗိုလ်မှူးချုပ် ဇေယျာအောင်၏ ညွန်ကြားချက်အရမနောဖြစ် မြောက်ရေး ကော်မတီမှ ငွေ ကျပ် သိန်း ၃၀၀ လှူဒါန်းကာ ကချင်လောပန်း ယွပ် ဇော်ခေါင် (Yup Zau Hkawng) မှ ကျပ်ငွေ သိန်း ၁၀၀ နှင့် နွားနှစ်ကောင် ပေးလှူခဲ့ခြင်းဖြစ်သည်ဟု မနောကော်မတီအဖွဲ့ဝင်များမှ သိရသည်။

ဒေသခံ အသီးသီးမှလည်း ငွေသား၊ နွား အစရှိသည်တို့ ထည့်လှူခဲ့သည်ဟု မနောဖြစ်မြောက်ရေး ကော်မတီမှ ပြောသည်။

ဟူးကောင်းတွင် ကျင်းပသော မနောပွဲတော်ကို တနိုင်း မနောဖြစ်မြောက်ရေး ဥက္ကဋ္ဌ ကဆုတ်ဆင်ဝါး၊ တနိုင်း ကချင်ရိုးရာ ယဉ်ကျေးမှု ကော်မတီ ဥက္ကဋ္ဌ မကော့တူးခေါင်တို့မှ ဦးဆောင်ကျင်းပခဲ့ခြင်း ဖြစ်သည်။

မနောပွဲတော်များကို ကချင်တိုင်းရင်းသားမနောကော်မတီဝင်များကသာ ဦးဆောင်ကျင်းပပေးလေ့ရှိပြီး ကျသင့်ငွေများကို လူထုထဲမှ သူဌေးများနှင့် ကေအိုင်အိုက အဓိကပေးလှူ ထောက်ပံပေးခဲ့သည်။

သို့သော် ယခုနှစ်မှစ၍ ပွဲတော်များကို အစိုးရကျောထောက်နောက်ခံ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီများကဦးဆောင် ကျင်းပရာ လူထုသူဌေးများထံမှ မထည့်မနေရနှင့်သော်လည်းကောင်း သိန်းပေါင်းများစွာကောက်ခံကာ ပိုပိုလျှံလျှံသုံးစွဲခဲ့သည်ဟုသိရသည်။

Most read this week