ငြိမ်းချမ်းရေး ညီလာခံ ခေါ်ပေးရန် ပါတီ(၁၀)ခု တောင်းဆို

ငြိမ်းချမ်းရေး ညီလာခံ ခေါ်ပေးရန် ပါတီ(၁၀)ခု တောင်းဆို
by -
ဇော်ကြီး

မြန်မာအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ အကြား ဖြစ်ပွားနေသည့် ပြည်တွင်းစစ်  ရပ်စဲရေး ဆွေးနွေးနိုင်ရန် အတွက်  ညီလာခံ တစ်ရပ် ကျင်းပပေးရန် နိုင်ငံရေး ပါတီ(၁၀)ခုက အစိုးရသစ်ထံ တောင်းဆို လိုက်သည်။

၂၀၁၀ ခုနှစ် နို၀င်ဘာလ ရွေးကောက်ပွဲတွင် ၀င်ရာက်ယှဉ်ပြိုင်ခဲ့သည့် ပါတီခေါင်းဆောင်များ ဧပြီလ(၄) ရက်နှင့် (၅)ရက်နေ့တို့က တွေ့ဆုံဆွေးနွေးခဲ့ပြီး “ဒီမိုကရေစီ မိတ်ဆွေ ပါတီများ” အမည်ဖြင့် ယခုလို တောင်းဆိုခဲ့ခြင်း ဖြစ်သည်ဟု အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီမှ ဦးခင်မောင်ဆွေ က ပြောသည်။

“နှစ်ပေါင်း(၆၀)ကျော် ဖြစ်ပွားခဲ့၊ ဖြစ်ပွားဆဲ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခကို ပြီးပြေငြိမ်း စေရန်အလို့ငှာ ထိုပဋိပက္ခအတွင်း ပါ၀င်သက်ဆိုင်သူ အားလုံး တက်ရောက် ညှိနိုင်း အဖြေရှာ နိုင်သည့် ပြည်ထောင်စု ညီလာခံ တစ်ရပ်ကို အစိုးရသစ်က ကမကထပြုပြီး ကျင်းပပေးရေးပေ့ါ။”

ထို့အပြင် နိုင်ငံရေး အကျဉ်းသားများ လွတ်ပေးရေးနှင့် ပတ်သက်၍လည်း တောင်းဆိုခဲ့ သည်ဟု ဆွေးနွေးပွဲ တက်ရောက်ခဲ့သူ ရှမ်းတိုင်းရင်းသားများ တိုးတက်ရေးပါတီ ဘဏ္ဍာရေး တာဝန်ခံ ဦးစောသန်းမြင့်က ပြောသည်။

“အရင်အစိုးရတုန်းကလည်း ကျနော်တို့ တောင်းဆိုတယ်။ အခု အစိုးရသစ်ပေါ်လာပြီဆိုတော့ ဒီအကျဉ်းသား တွေ အားလုံးအတွက် ပြန်ပြီးတော့ ကျနော်တို့ လွတ်ငြိမ်းချမ်းသာခွင့် တောင်းဆို တာပါ။” 

ယခင် စစ်အစိုးရလက်ထက်က မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသား မရှိကြောင်း တရားဝင်ငြင်းဆန်ထားခဲ့ သည့်အပြင် သမ္မတသစ်ဦးသိန်းစိန်၏ မိန့်ခွန်းတွင်လည်း နိုင်ငံရေး အကျဉ်း သားနှင့်ပတ်သက်၍တစုံတရာ ထည့် သွင်းပြောဆိုခဲ့ခြင်း မရှိခဲ့ပါ။
 
“ဒီမိုကရေစီ မိတ်ဆွေ ပါတီများ” အနေဖြင့် ပြုလုပ်သည့် တောင်းဆိုမှုများ ကို သမ္မတ က မည်သည့် ကာလ နောက်ဆုံးထား ဆောင်ရွက်ရမည် ဟူ၍ အချိန်ကာလအားဖြင့် သတ်မှတ် ဖော်ပြထားခြင်း မရှိ သော်လည်း  အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် သဘောဆောင်သည်ဟု အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီမှ ဦးခင်မောင်ဆွေက ပြောသည်။

“ကျနော်တို့ ဖြစ်စေချင်တာကတော့ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး ဆိုတဲ့ဟာကို  ဆောလျင်နိုင်သမျှ ဆောလျင်စွာဆိုတဲ့ဟာ ပါတော့ဗျာ အမြန်ဆုံး ဖြစ်နိုင်အောင် လုပ်ပေးပါ ဆိုတဲ့ သဘောပါပဲ။” 

မြန်မာနိုင်ငံတွင် အတိုက်အခံပါတီ မရှိဟု သမ္မတသစ် ဦးသိန်းစိန်ကပြောသည်။ သို့သော် နောက်ပိုင်းတွင် ပေါ်ပေါက်လာနိုင် သည်ဟု ဦးစောသန်းမြင့်က ပြောသည်။

“လောလောဆယ် အတိုက်အခံပါတီဆိုပြီးမှ သတ်သတ်မှတ်မှတ် ပေါ်သေးတာ မရှိဘူးခင်ဗျ။ ဒါပေမယ့် ဒီအစိုးရရဲ့ လုပ်ဆောင်ချက်ပေါ် မူတည်ပြီးတော့ နောက်ပိုင်းမှာ အစိုးရရဲ့ အပေါ် ထောက်ပြဖို့ ပါတီတွေရဲ့ သဘောထားကို အားလုံး စည်းစည်းလုံးလုံးနဲ့ ပြန်ပြီးတော့ ထောက်မယ် ဆိုရင်တော့ အတိုက်အခံပါတီဆိုတာ အလိုအလျောက် ပေါ်လာမလားတော့ မပြောတတ်ဖူး ခင်ဗျ။” 

သမ္မတ၏ မိန့်ခွန်းတွင် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများအား ဆောင်ရွက်ပေးမည်ဟု ကတိပြု ပြောဆိုခဲ့သော်လည်း ယခင်စစ်အစိုးရ အစဉ်အဆက် ကတည်းက အပြောနှင့်အလုပ် ကိုက်ညီမှု မရှိခဲ့သည့်အတွက် ယခုအစိုးရသစ် အပေါ် တွင်လည်း စောင့်ကြည့်ရမည်ဟု  လည်း ဦးစောသန်းမြင့်က ဆက်လက် ပြောဆိုသည်။

ဒီမိုကရေစီမိတ်ဆွေပါတီများ (၁၀)ခု တွင် အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF)၊ ဒီမို ကရက်တစ်ပါတီ (မြန်မာ)၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ ပြည်ထောင်စု ဒီမိုကရေစီပါတီ၊ ရှမ်းတိုင်း ရင်းသားများ ဒီမိုကရက် တစ်ပါတီ၊ ရခိုင်တိုင်းရင်း သားများ တိုးတက်ရေးပါတီနှင့် ၀ံသာနု NLD ပါတီတို့က အစည်းအဝေး တက်ရောက်ခဲ့သည်။ 

ကျန်သုံးပါတီဖြစ်သည့် ချင်းအမျိုးသားပါတီ၊ ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီနှင့်အမျိုးသားနိုင်ငံရေး မဟာမိတ်များ အဖွဲ့ချုပ်တို့က အစည်းဝေး မတက်ရောက် သော်လည်း ဆုံးဖြတ်ချက်များ အပေါ်သဘောတူ ခဲ့ကြသည်ဟု သိရသည်။

Most read this week