လက်နက်နှင့် ကေအိုင်အို တိုက်နယ်မှူး တစ်ဦး မြန်မာတပ်၏ အဖမ်းခံရ

လက်နက်နှင့် ကေအိုင်အို တိုက်နယ်မှူး တစ်ဦး မြန်မာတပ်၏ အဖမ်းခံရ
by -
ကချင်သတင်းဌာန

မြန်မာစစ်အစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ (ကေအိုင်အို) တို့၏ရှေ့တန်းစစ်နယ်မြေ အတွင်း  နှစ်ဖက်တပ်ဖွဲ့ကြားအချင်းချင်းနားလည် မှုဖြင့် ဆက်ဆံရန် သဘောတူညီထားသည့်ကြား ကေအိုင်အို တိုက်နယ်မှူးတစ်ဦးကိုလက်နက်နှင့် အတူ ရမ်းကားမှုကြောင့် မြန်မာတပ်ကဖမ်းဆီး လိုက်သည်။

1025-kio-48ယခုဖမ်းဆီးခဲ့သည့် နေရာမှာ နှစ်ဆန်းပိုင်းက ကေအိုင်အိုနှင့် မြန်မာတပ်ကြား ငြိမ်းချမ်းရေးယူပြီးနောက် ပထမဦးဆုံးအကြိမ်တိုက်ပွဲဖြစ်ခဲ့သည့်နေရာ လည်းဖစ်ပြီး နှစ်ဖက် ပြေပြေလည်လည်ဆက်ဆံရန်ညှိနှိုင်းထား ချိန်၌ ယခုကဲ့သို့ုဖမ်းဆီးလာခြင်းဖြစ်သည်။

ကချင်ပြည်နယ်ဗန်းမော်ခရိုင် မန်စီမြို့နယ် မန်ဝင်းကြီးဒေသတွင် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့  ကေအိုင်အေတပ်ရင်း (၂၇) ၏တိုက်နယ်မှူး ဆလန်မလန်လဆန်သည် အရပ်သားများနှင့်စကားများပြီး သေနတ်ပစ်ဖောက်သည့်အတွက် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ကေအိုင်အိုအရာရှိတစ်ဦးပြောသည်။

“သူကပဲသူများနေရာမှာ လက်နက်နဲ့ဝင်သွားတယ်။ ပြီးတော့ ဘာလို့လဲတော့မသိဘူး။ လောင်းကစားနေရာမှာ စကားများကြတယ်ထင်တယ် အဲတော့ သူများနဲ့ရန်ဖြစ်တဲ့နေရာလိုက်ပြီး မမှီတဲ့အခါကျတော့သေနတ်တစ်ခါ ဖောက်လိုက်တယ်။ အဲဒီတော့ အဲဒီမှာရှိတဲ့ တာဝန်ရှိသူ စရဖတွေ ရဲတွေကဖမ်းလိုက်ပြီးဒါမဲ့ သူ့သေနတ်ကိုတော့ ပြန်ပေးပြီး ပြန်တော့ဆိုပြီးကျည်ဆံထုတ်ယူထားကြတယ်။ ပြန်မလို့လုပ်ပြီးကျည်ဆံပြန်လှည့်တောင်းတော့ အဲဒီကနေစကားတွေများပြီး တစ်ခါထဲဖမ်းသွားလိုက်တယ် ပြောတယ်။”

လွန်ခဲ့တဲ့ဖေဖော်ဝါရီလက ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (ကေအိုင်အေ) တပ်ရင်း ၂၇ တားမြစ်နယ်မြေတွင်း မြန်မာစစ်တပ် ခလရ ၁၅ ကျူးကျော်ဝင်ရောက်လာစဉ် မြန်မာတပ်ရင်းမှူးတစ်ဦး ကျပြီး ရ ဦးဒဏ်ရာရှိခဲ့ပါသည်။ သို့သော် နောက်ဆက်တွဲ တိုက်ပွဲဖြစ်ပွားမှုမရှိခဲ့ဘဲ ၀င်ထွက်သွားလာနေသည်။

ကေအိုင်အိုက ယင်းဖမ်းဆီးမှုအခြေအနေကို စောင့်ကြည့်နေသည်ဟု အရာရှိကဆက်ပြောသည်။

“ခုဖမ်းသွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ သူ့ဖက်ကပဲနည်းနည်းလိုအပ်သွားတာပါ။အမှန် တော့ ခုအခြေအနေအရအဲလိုမျိုးနဲ့ပဲပြောပြီး သူ့ကိုသေနတ်ပေးပြီးပြန်လွှတ်ဖို့အကြောင်းတော့မရှိပါဘူး။ဒီမန်ဝင်း နယ်မြေတွင်းမှာတော့ အထက်ကလူကြီးတွေ ဘယ်လိုပဲပြောပြောရှေ့တန်းနယ်မြေမှာအချင်းချင်းပြေပြေလည် လည်နဲ့ ခင်မင်မှုနဲ့ ဆက်ဆံရအောင်လို့ ၀င်ဝင်ထွက်ထွက်လည်းမစစ်ဆေးကြပါ ဘူးအဲဒီအထဲမှာကျွန်တော်တို့ လူက ပြန်လို့ပြောရင်လည်းမပြန်ဘူး။ သူဘက်ကလိုအပ်သွားတာပေါ့။ ဘာပဲဖြစ်ဖြစ် မြန်မာစစ်အစိုးရဖက်တော့ သူတို့ဖက်ကနေ နှစ်ဖက်ရှေ့ဆက်အချင်းချင်းနားလည်မှုနဲ့ဆက်ဆံဖို့ ပြောဆိုထားတာကိုလိုက်နာပါတယ်။”

ခုချိန်တွင် ၎င်းတိုက်နယ်မှူးအား မန်စီမြို့နယ်တွင်ထိန်းသိမ်းထားသော်လည်းဌာနပေါင်းစုံလာရောက်ဖမ်းဆီး ခဲ့သည့်အတွက် အလွယ်တကူလွတ်ပေးရန် ခက်ခဲသည်ဟုလည်းပြောသည်။

သို့သော်ပြီးခဲ့တဲ့လကတည်းက မြန်မာစစ်တပ်ဘက်က ကေအိုင်အိုအရာရှိများအား ဖမ်းဆီးမှုသည်ယခုအရာရှိ အပါအဝင် ၅ ဦးရှိပြီဖြစ်သည်။

ဖားကန့်မြို့ထဲမှအရာရှိ၂ ဦးကိုဆက်ကြေးကောက်ခံမှုနှင့် စွပ်စွဲဖမ်းဆီးထားပြီးမြစ်ကြီးနားမှ ကေအိုင်အေ ၀န်ထမ်း၂ ဦးမှာ မပခ လုံခြံုရေးတပ်က ဖမ်းဆီးလိုက်ထားခြင်းဖြစ်သည်ဟု ကေအိုုင်အိုသတင်းအရ သိရသည်။

ကေအိုင်အိုက ဆက်ကြေးကောက်ခံမှုရှိသော်လည်း မြန်မာစစ်တပ်စွပ်စွဲထားသကဲ့သို့ မတရားကောက်ခံမှု မရှိသည့်အတွက် ယခုကဲ့သို့ဖမ်းဆီးထားခြင်းသည် မတရားစွပ်စွဲခြင်းဖြစ်ပြီး၎င်းတို့လွတ်မြောက်အောင် ဆောင်ရွက် နေဆဲဖြစ်သည်ဟု ဆိုပါသည်။

ကေအိုင်အိုကနယ်ခြားစောင့်တပ်အသွင်ပြောင်းရေး လက်မခံသောကြောင့် စစ်အစိုးရတပ်များကချင်ပြည်နယ် တွင်း သိသာစွာ လှုပ်ရှားလာသည်ဟု မြစ်ကြီးနား ဒေသခံတစ်ဦး ပြောသည်။

“သောင်းကျန်းသူလို့သတ်မှတ်တဲ့နောက် ကချင်ပြည်နယ်မှာပေါ့ တခါတရံက သူတို့လုံခြုံရေးဝတ်စုံမဝတ်ပဲ အရပ်ဝတ်စုံနဲ့ နေရာတိုင်းမှာ အဲလိုဖြစ်နေတယ်။ အဲမျိုးစစ်ကားတွေနဲ့ ဟိုသွားလိုက် ဟိုနားသွားလိုက်ဒီနားသွား လိုက် ပြီးမှ စစ်ကားတွေလက်နက် ရိက္ခာအပြည့်အစုံနဲ့ နေရာတိုင်းမှာအဲမျိုးလုံခြုံရေးနေရာယူတာကို အဲမျိုးတွေ့ရတယ်။”

အစိုးရသစ်ပေါ်လာသည့်အတွက် နှစ်ဖက်တင်းမာမှုလျော့သွားမည်မဟုတ်ဘဲ ဆက်လက်ပြီးတိုက်ပွဲဖြစ်ပွားသည် အထိ အခြေအနေတင်းမာလာနိုင်သည်ဟု ဒေသခံပြောသည်။

“ရွေးစရာလမ်းကြောင်းတော့သိပ်မရှိပါဘူးအခုလည်းဒီစနစ်ကသိပ်ပြောင်းလဲတဲ့ဟာမရှိသေးဘူးပေါ့။ လူတွေရဲ့ စိတ်ထဲမှာလည်းဘာမှမထူးဘူးဆိုတဲ့ ဘယ်သူခေါင်းဆောင်ပဲပြောင်းပြောင်းလူကြီးပဲဲပြောင်းပြောင်းပေါ့နော်။ ပုံမှန်ပဲဖြစ်မှာပဲဆိုတဲ့ အသိတရားလောက်ပဲရှိနေကြတာပေါ့။”

ကေအိုင်အိုသည် မြန်မာစစ်အစိုးရနှင့် ၁၉၉၄ ခုနှစ်ကအပစ်ခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုခဲ့သော်လည်းစစ်အစိုးရ တောင်းဆိုထားသည့် နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကိုလက်မခံချိန်တွင် သဘောတူညီချက် ပျက်ပြယ်သွားပြီး သောင်းကျန်သူအဖွဲ့အဖြစ် သတ်မှတ်ခံထားရသည့်အတွက် အချိန်မရွေးစစ်ဖြစ်လာနိုင်သည်ဟုကေအိုင်အို အရာရှိများပြောပါသည်။

Most read this week