တရုတ်ကုန် တင်သွင်းခွင့်ပိတ်၍ မြစ်ကြီးနားတွင် ကုန်စည်ပြတ်လပ်

တရုတ်ကုန် တင်သွင်းခွင့်ပိတ်၍ မြစ်ကြီးနားတွင် ကုန်စည်ပြတ်လပ်
by -
ကချင်သတင်းဌာန

တရုတ်ကုန် တင်သွင်းခွင့် ပိတ်ပင်ထားမှုကြောင့် မြစ်ကြီးနားမြို့ပေါ်တွင် ကုန်ပစ္စည်း ပြတ်လပ်မှုဖြစ်နေသည် ဟု ကုန်သည် အသိုင်းအဝိုင်းက ပြောသည်။

သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရသစ် တက်လာပြီး နောက်တစ်ရက် တွင် ကချင်ပြည်လွတ်မြောက် ရေး တပ်မတော် (KIO) ဌာနချုပ် လိုင်ဇာမြို့အနီးရှိ လဂျားယန် စစ်ဆေးရေးဂိတ်မှ တင်သွင်းခွင့် တားမြစ်လိုက်သည်ဟု လိုင်ဇာမြို့ခံ ကုန်သည် တစ်ဦးက ယခုလိုပြောသည်။

“ပစ္စည်းတွေ ကုန်တွေ ဘာမှ မသယ်ရဘူး ပိတ်ထားတယ်။ သူတို့ အာဏာလွဲပြောင်းတဲ့ သတင်းကြေငြာပြီး နောက်ရက်ဆို ကုန်တွေ မဆင်းခိုင်းတော့ဘူး။ အခုက ခရီးသည်ပဲ သွားလို့ရတယ်။ ဘာကုန်မှမသယ်ခိုင်း တော့ဘူး။”

မြစ်ကြီးနားမြို့ခံ ကုန်သည်တစ်ဦးကလည်း  ယခုလို ပိတ်ပင်လိုက်ခြင်းကြောင့် လိုင်ဇာမှ မြစ်ကြီးနားမြို့သို့ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ စျေးနှုန်း မြင့်တက် နေသည်ဟု ပြောသည်။

“ဘယ်နှစ်ရက် ပိတ်မလဲ မသိဘူး။ အဲဒါနဲ့ မြစ်ကြီးနားနဲ့ လိုင်ဇာကြားက အဝင်အထွက် မရှိတော့ ကုန်စျေးနှုန်းတွေလည်း နည်းနည်းတက်လာတဲ့ အပိုင်းရှိတယ်။ ကန်ဘိုက်တီ လမ်း ကျတော့ ကားလေးတွေလည်း သွားလို့မရ။ ကားကြီးတွေကျတော့လည်း လက်မှတ်က အဆင့်ဆင့် ဖြစ်နေတော့ ကန်ဘိုက်တီ လမ်းဖက်က လာတဲ့ဟာကျတော့ စျေးတအား ကြီးသွားတယ်။ အဲလိုနဲ့ ဒီမှာ မြစ်ကြီးနားမှာ ကုန်ပစ္စည်းပြတ်လပ်မှု နည်းနည်း ရှိသွားတယ်။”

ယခင်က နယ်စပ်ဂိတ်များဖြစ်သည့် လွယ်ဂျယ်၊ လဂျားယန်နှင့် ကန်ဘိုက်တီလမ်းကြောင်း သုံးခုမှ ကုန်စည် ကူးသန်းခွင့် ရှိခဲ့သော်လည်း ယခုုအခါ ကန်ဘိုက်တီ လမ်းကြောင်း တခုတည်း ကိုသာ ဖွင့်ပေးထားပြီး  ယင်းလမ်းကြောင်းသည် ကုန်ကျစားရိတ်များ၍ လမ်းကြမ်းသည့် အတွက်  အသုံးပြုမှု နည်းပါးသည်ဟု ကုန်သည်များက ပြောသည်။

သွင်းကုန်များကို တားမြစ်ထားသော်လည်း ဒေသထွက်ကုန်များ ဖြစ်သည့် ပြောင်းဖူး၊ သခွားသီး နှင့် ငှက်ပျောသီးများကိုမူ လဂျားယန် လမ်းကြောင်းမှ တရုတ်ဖက်သို့ တင်ပို့ခွင့်ရှိသည်ဟုဆက်လက်ပြော ဆိုသည်။

တချိန်ထဲတွင် ကချင် ပြည်နယ်အတွင်း ကုန်စည်ကူးသန်း ရောင်းဝယ်ရေး လမ်းကြောင်း တလျှောက်တွင် ယခင် စစ်အစိုးရ လက်ထက်၌ ရှိခဲ့သည့် တရားမဝင် ဂိတ်ကြေး ကောက်ခံသည့် စစ်ဆေးရေးဂိတ်ငယ် လေးများ မရှိတော့ကြောင်း ကုန်သည်များက ပြောသည်။

ယင်းသို့ ပိတ်ပစ်ရန် နှင့်  တံတား လုံခြံုရေး အစောင့် အဖြစ်သာ ထားရှိရန် ပြည်နယ်အစိုးရက ဧပြီလ (၁) ရက်နေ့တွင် တရားဝင် အမိန့် ထုတ်ပြန်ခဲ့ကြောင်း ရှမ်းတိုင်းရင်းသားများ တိုးတက်ရေးပါတီ SNDP ၏ ဘဏ္ဍာရေး တာဝန်ခံ စိုင်းသန်းမြင့်က  ပြောသည်။

Most read this week