ကချင်ပြည်နယ်သို့ တရုတ်ပစ္စည်း တင်သွင်းသည့် အဓိက လမ်းကြောင်း ပိတ်ခံရ

ကချင်ပြည်နယ်သို့ တရုတ်ပစ္စည်း တင်သွင်းသည့် အဓိက လမ်းကြောင်း ပိတ်ခံရ
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ်သို့ ဝင်သည့် တရုတ်ကုန်ပစ္စည်း လမ်းကြောင်းပေါ်တွင်  အဓိကကျသည့်လဂျား ယန်ဂိတ်အား မြန်မာအစိုးရ ဌာနစုံအဖွဲ့က ပိတ် ထားသဖြင့် ကုန်ပစ္စည်းများ စျေးတက်လာသည်။

တရုတ်-မြန်မာ နယ်စပ် ဗန်းမော်နှင့် လိုင်ဇာလမ်းကြောင်းဆုံရာ လဂျားယန်ဂိတ်တွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) လက်အောက်ခံ စစ်ဖက်ရေးရာ လုံခြံုရေးအဖွဲ့နှင့် ရဲများက တရုတ်ဖက်မှလာသည့် ကုန်ပစ္စည်း တင်သွင်းခွင့်ကို မတ် ၃၀ရက် မှစ၍ ပိတ်ပင်ထားကြောင်း ကုန်သည်တစ်ဦးမှ ပြောသည်။ ခရီးသွားခြင်းကိုမူ ခွင့်ပြုထားသည်။
kachin-border-trade

“အဓိကတော့ ဘိလပ်မြေစျေးတို့ တက်လာတယ်။ အရင်က ၆၉၀၀ကျပ် ဟုတ်တယ်၊ အခုက ရ၅၀၀ဖြစ်သွားပြီ၊ အိမ်ဆောက်ပစ္စည်းတွေလည်း တက်လာတယ်၊ တခြားကုန်တွေလည်း အကုန်တက်တယ်။” ဟု ကုန်သည်ကြီး တစ်ဦးပြောသည်။

ယခင် တရုတ်နိုင်ငံမှ သစ်သီး၊ ကြက်ဥ၊ ဘီယာ၊ အိမ်ဆောက်ပစ္စည်း၊ စက်ပစ္စည်း၊ အထည်အလိတ်၊ အဝတ်အစား၊ မီးဖိုချောင်သုံး ပစ္စည်း၊ ကြက်သွန်ဖြူ စသည့်တို့ နေ့စဉ်ဝင်ရောက်နေသည်။

ယခုအခါ ဂိတ်ပိတ်လိုက်ခြင်းကြောင့် ကုန်အဝင်စီးဆင်းမှုမရှိတော့သဖြင့် ကုန်ပျက်လပ်မှုများလည်း ဖြစ်ပေါ်နေသည်။

“တစ်နေရာပိတ်တာနဲ့ တောက်လျှောက်လမ်းကြောတွေ အကုန်လုံး ပိတ်ပြီ။ ဒီမှာ အိမ်ဆောက်လုပ်ရေးတွေ ရှိနေတော့ ဘိလပ်မြေတွေက ပြိုပတ်လပ်တယ်။ တခြားကုန် ကြက်ဥတို့လည်း ကုန်နေတယ်။” ဟု ကုန်သည် ကြီးမှ ဆက်ပြောသည်။

ကချင်ပြည်နယ်သားများသည် စားသုံးကုန်၊ အိမ်သုံးကုန်မှအစ အဝတ်အထည်၊ စက်ပစ္စည်းများအထိ တရုတ် ကုန်ပစ္စည်းသာ အားထားနေကြရသည်။

လဂျားယန်ဂိတ်သာမက လိုင်ဇာ-ဝိုင်းမော် လမ်းပေါ်ရှိ နာမ်ဆမ်ရန်ကျေးရွာမှ သိုလှောင် တရုတ်ပစ္စည်းများကို မြစ်ကြီးနားမြို့သို့ တင်သွင်းစဉ် ဖမ်းဆီးမှုများလည်း ရှိနေသည်။

“ဂိတ်တစ်ခုကိုပဲ ပုံသေဂိတ်ထားတာ မဟုတ်ဘူး၊ လူက လှုပ်ရှားပြီး ဖမ်းတာ၊ စစ်တာ လုပ်နေကြတယ်။” ဟု ကုန်သည်မှ ဆက်ဆိုသည်။

တရုတ်ကုန်တင်သွင်းခွင့် ပိတ်ထားသော်လည်း ဒေသထွက်ကုန် သခွားသီး၊ ငှက်ပျောသီး၊ ပြောင်းဖူး၊ ရာဘာ၊ ဆန် စသည်တို့ကို တရုတ်သို့ တင်ပို့ခွင့် ပြုထားသည်။

ကချင်ပြည်နယ်ထဲသို့ တရုတ်ကုန်ပစ္စည်းဝင်ပေါက် ၃ပေါက်ရှိရာ အလွယ်တကူ ၀င်ထွက်တင်သွင်းနေသော လိုင်ဇာနှင့် လွယ်ဂျေဂိတ်တို့ကို တရားမဝင်ဂိတ်အဖြင့် ပိတ်ထားခြင်းဖြစ်ပြီး ခရီးကြမ်း၍ ဝေးခံသော ကန်ပိုင်တီလမ်းကိုမူ တရားဝင် နယ်စပ်ကုန်သွယ်ရေးလမ်းအဖြစ် အစိုးရမှ သတ်မှတ်ထားသည်။

ကန်ပိုင်တီလမ်းမှ လာသည့် ကုန်တင်ကားကြီးများအား အဆင့်ဆင့် စစ်ဆေး၊ ငွေတောင်းခံနေသဖြင့် ကုန်ပစ္စည်းများလည်း မြင့်တက်သွားကြောင်း သိရသည်။

ကချင်ပြည်နယ် ဝန်ကြီးချုပ် တက်လာပြီးနောက် ပထမဦးဆုံးအနေနဲ့ ကချင်ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာ ဂိတ်ပေါင်းစုံကို  ဖြုတ်လိုက်ရန် ဝန်ကြီးချုပ်မှ ဧပြီ (၁) ရက်နေ့တွင် တရားဝင် အမိန့်ထုတ်ပြန်လိုက်သည်။ တရားဝင် နယ်စပ်ကုန်သွယ်ရေးဂိတ်များမှ အပ ဂိတ်များ ပိတ်လိုက်ခြင်းဖြစ်သည်။

Most read this week