အစိုးရသစ် စစ်ရေးထက် နိုင်ငံရေးနည်း သုံးသင့်ကြောင်း SNDP ပြော

အစိုးရသစ် စစ်ရေးထက် နိုင်ငံရေးနည်း သုံးသင့်ကြောင်း SNDP ပြော
by -
ဇော်ကြီး

သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရသစ် လက်ထက်တွင် တိုင်းပြည်၏ ပြဿနာများကို စစ်ရေးထက် နိုင်ငံရေးနည်းနှင့် ဖြေရှင်းသင့်သည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ SNDP ကပြောကြားလိုက်သည်။ ...

သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရသစ် လက်ထက်တွင် တိုင်းပြည်၏ ပြဿနာများကို စစ်ရေးထက် နိုင်ငံရေးနည်းနှင့် ဖြေရှင်းသင့်သည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ SNDP ကပြောကြားလိုက်သည်။

နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်မခံ ငြင်းဆန်ထားသည့် ရှမ်းပြည်တပ်မတော် မြောက်ပိုင်း SSA-N တပ်ဖွဲ့များအား စစ်အစိုးရက ထိုးစစ်ဆင် တိုက်ခိုက် နေသည့်အပေါ် SNDP လွှတ်တော်အမတ် ဦးစိုင်းလှကျော်က အစိုးရသစ် အနေဖြင့် နိုင်ငံရေးနည်းလမ်းများ ဖြင့် အဖြေရှာ သင့်ကြောင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

လွှတ်တော် ကျင်းပစဉ်ကလည်း ရှမ်းခေါင်းဆောင်များ ဖြစ်သည့် ဗိုလ်ချုပ်ဆေထင်၊ ဦးခွန်ထွန်းဦး၊ ဦးစိုင်းညွန့်လွင်တို့ အပါအဝင် ကျန်နိုင်ငံရေး အကျဉ်းသားများကို အစိုးရသစ် အနေနှင့် လွတ်ငြိမ်းချမ်းသာ ခွင့်ပြုရန်သာ တင်ပြနိုင်ခဲ့သော်လည်း ရှမ်းပြည်တွင်း လတ်တလော ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့်ပတ်သက်၍ မတင်ပြနိုင်သေးကြောင်း ၎င်းက အသိအမှတ်ပြု ပြောဆိုသွားသည်။

“တိုက်ပွဲကိစ္စတွေ လောလောဆယ် ဘာမှတော့ မပါသေးဘူးဗျ။ အဲဒီကိစ္စ ဒီအချိန်မှာ ပြောရတာ ရက်ပိုင်းပဲ ရှိနေသေးတော့ စောဦးမယ် ထင်တယ်။ နည်းနည်းလေး အခြေအနေ စောင့်ကြည့်ရင် ကောင်းပါတယ်ဗျ။”

တကယ်တမ်းတွင်မူ လွှတ်တော်တွင်း တစုံတရာ တင်ပြလိုပါက အနည်းဆုံး (၁၀) ရက်ခန့် ကြိုတင် အကြောင်းကြား ရမည်ဖြစ်ပြီး၊ တင်ပြခွင့်ရှိသည် ဆိုသော်လည်း အညိုငြင်ခံရမည်စိုး၍ မတင်ပြခြင်း ဖြစ်နိုင်သည်ဟု ရှမ်းပြည်အရေး စောင့်ကြည့်လေ့လာသူ သျှမ်းသံတော်ဆင့် သတင်းအယ်ဒီတာ ဦးစိန်ကြည်က ပြောဆိုသည်။

“တင်ခွင့်ရသည့်တိုင်အောင် အခုဖြစ်နေတဲ့ ပုံစံက တင်သွင်းရဲတဲ့သူ၊ တင်သွင်းဝံ့တဲ့သူ မရှိဘူးလို့တော့ ပြောနိုင်တာပေ့ါ။ သူတို့အပေါ် အညှိုးအတေး ထားမှာစိုးလို့ ဖြစ်မှာပေ့ါ။”

နေပြည်တော်တွင် အစိုးရသစ် ကျမ်းသစ္စာ ကျိန်ဆိုခိုက် ရှမ်းပြည်နယ်အတွင်း ထိုးစစ်များ ဆက်လက် ဆင်နွှဲနေသည်။ မတ်လ (၂၈) ရက်နေ့ ကလည်း SSA-N အမာခံ တပ်စခန်း တစ်ခုအား ၀င်ရောက် သိမ်းပိုက်ရန် စစ်အစိုးရတပ်က ကြိုးစားသည့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။ယင်းတိုက်ပွဲတွင် စစ်အစိုးရဖက်က ကျဆုံးနှင့် ဒဏ်ရာရသူ များပြားသည့်အတွက် ဆက်လက် တိုက်ခိုက်ခြင်း မပြုဘဲ ဆုတ်ခွာသွားသည်ဟု သတင်းရကြောင်း ဦးစိန်ကြည်ကပြောသည်။

“SSA ဖက်ကပြောတာတော့ နအဖဖက်က အနည်းဆုံး (၁၀) ယောက် လောက်တော့ သေမှာ ပဲတဲ့။ လေးဆယ်ကျော် ဒဏ်ရာရတယ်တဲ့။ သူတို့ (စစ်အစိုးရ) တပ်တွေ ကစဉ့်ကလျားနဲ့ ပြန်ဆုတ်သွား ကြတယ်လို့ အဲလိုပြောတယ်။”

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ၀န်ကြီးများသည် မတ်လ (၃၀) ရက် ယမန်နေ့နံနက်ပိုင်းက ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပြီး ၀န်ကြီးချုပ်၊ ၀န်ကြီးများနှင့် ဥပဒေချုပ်တို့ အပါအဝင် သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းအလိုက် ၀န်ကြီးများစာရင်းကို ထုတ်ပြန်ခဲ့ပြီး လာမည့် ဧပြီလ (၁) ရက်နေ့မှ စတင်၍ တာဝန်ထမ်းဆောင်မည်ဟု သိရသည်။

ထို့အပြင် အစိုးရ ခေါင်းဆောင်များ ကျမ်းသစ္စာကျိန်ဆိုသည့်နေ့မှစ၍ မြန်မာနိုင်ငံအား နှစ်ပေါင်းနှစ်ဆယ်ကျော် အုပ်ချုပ် ခဲ့သည့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီအား ဖျက်သိမ်းကြောင်း ကြေငြာခဲ့သည်။

Most read this week