KIO အုပ်ချုပ်ရေးပိုင်း အရာရှိ ၃ ဦး မြန်မာတပ်၏ ဖမ်းဆီးခံနေရ

KIO အုပ်ချုပ်ရေးပိုင်း အရာရှိ ၃ ဦး မြန်မာတပ်၏ ဖမ်းဆီးခံနေရ
by -
KNG

မတ်လအတွင်း ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO) အရပ်ဖက် အုပ်ချုပ်ရေးပိုင်းမှ အရာရှိ ၃ ဦးကို မြန်မာ စစ်အစိုးရ တပ်က ဖမ်းဆီးထားကြောင်း KIO က ပြောသည်။ ၎င်းတို့သည် KIO အောက် “DGA (Department of General Administration)” ခေါ် အရပ်ဖက် အုပ်ချုပ်ရေးဌာန ...

မတ်လအတွင်း ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO) အရပ်ဖက် အုပ်ချုပ်ရေးပိုင်းမှ အရာရှိ ၃ ဦးကို မြန်မာ စစ်အစိုးရ တပ်က ဖမ်းဆီးထားကြောင်း KIO က ပြောသည်။

 ကချင်ပြည်နယ် အရှေ့ဘက်ခြမ်း ရှေ့တန်းနယ်မြေတွင် ရောက်ရှိသော KIA တပ်သားများ။၎င်းတို့သည် KIO အောက် “DGA (Department of General Administration)” ခေါ် အရပ်ဖက် အုပ်ချုပ်ရေးဌာန မှ ဒုတိယ တိုက်နယ်မှူးအဆင့် ရှိသူများ ဖြစ်သည်ဟု KIO အရာရှိများ ပြောသည်။

ကချင်ပြည်နယ် အနောက်ဘက် ဖားကန့်မြို့နယ်၊ ဆိုင်းတောင်မြို့ (KIO ၏ ဆိုင်းဇွပ်တိုက်နယ်) မှ ဒုတိယ အုပ်ချုပ်ရေးမှူး တပ်ကြပ် မရော်ဘရန်မိုင်နှင့် ဆလန်ကဘာ လဆိုင်းတို့ကို မတ်လ ၂၄ ရက်၊ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲတွင် မြန်မာစစ်တပ် ခလရ (၇၄)က ဖမ်းဆီးခဲ့သည်။

ဆိုင်းတောင်မြို့ရှိ “ရွှေခြင်္သေ့ ဆီဆိုင်” သို့ အခွန်ကောက်ရန်ရောက်ရှိလာသည့် ယင်း KIO တိုက်နယ်အရာရှိနှစ််ဦးကို မြန်မာစစ်သား ၁၀ ယောက်ကျော်က ၀န်းရံဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

မြန်မာစစ်တပ် ခလရ (၇၄)သည် မိုးကောင်း နယ်မြေခံတပ်ရင်းဖြစ်ပြီး ယခုချိန် ဖားကန့်စစ်ဗျူဟာကွပ်ကဲမှုအောက် ဆိုင်းတောင်တွင် တာဝန်ကျနေကြောင်း ဒေသခံများပြောသည်။

ဆိုင်းတောင် KIO တိုက်နယ်အရာရှိ နှစ်ဦးကို “လုံခြံုရေး” အကြောင်းပြချက်ဖြင့် စစ်ဗျူဟာ အခြေစိုက်စခန်းတွင် ဖမ်းဆီးထားရာမှ မတ်လ ၂၆ ရက်နေ့တွင် ဖားကန့်ရဲစခန်း အချုပ်ခန်းသို့ ပြောင်းရွှေ့ခဲ့သည်ဟု ဖါးကန့်ကျောက်စိမ်းမှော်ဒေသဆိုင်ရာ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်ရင်း ၆ မှ အရာရှိများကဆိုသည်။

ရဲစခန်းသို့မပို့ခင် ၎င်းတို့ နှစ်ဦးအား စစ်ဗျူဟာစခန်းတွင် ပြင်းပြင်းထန်ထန် ရိုက်နှက်ညှင်းပန်းခြင်းများ ပြုလုပ်ခဲ့သည်ဟု KIA တပ်ရင်း ၆ က ဆိုသည်။

ယမန်နှစ် အောက်တိုဘာလတွင် မြန်မာစစ်တပ်က KIO ကို “သောင်းကျန်းသူ” ဟု ပြန်လည်ခေါ်ဆိုပြီးနောက် KIO က ကချင်ပြည်နယ်အတွင်း အခွန်ကောက်ခံခြင်း ပြန်လုပ်လာသည်။

အစောပိုင်းက ဒု-တိုက်နယ်မှူးအဆင့်ရှိ ယော်ဘောမ်ကို မြစ်ကြီးနားတပ် ခလရ (၃၇) က မတ်လ ၁၀ ရက်တွင် နန်းကွေ့ချောင်းအနီး ဖမ်းဆီးလိုက်သည်။

သူ့ကို ဖမ်းဆီးရခြင်းအကြောင်းပြချက်နှင့် ချုပ်နှောင်ထားသည့်နေရာကိုမူ မသိရသေးပေ။

တစ်ချိန်ထဲမှာ ကချင်လူငယ်တစ်ဦး မရန်ဘရန်ဆန်အောင် ကိုလည်း “မှတ်ပုံတင် ကိုင်ဆောင်ထားခြင်းမရှိခြင်း အကြောင်းပြချက်ဖြင့်” မြစ်ကြီးနား-တနိုင်းကြား နောင်းလုံုဂိတ်တွင် တနိုင်းစစ်တပ် ခမရ ၃၁၈ က မတ်လ ၂၀ တွင် ဖမ်းဆီးပြီး ၎င်းအား မြစ်ကြီးနားအနီး ပင်ဒေါင် စစ်သင်တန်းကျောင်းသို့ ပို့ထားကြောင်း လူငယ်နှင့် နီးစပ်သူများကဆိုသည်။

၂၀၁၀ သြဂုတ်လ ၃၀ ရက် စစ်အစိုးရ၏ နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးကို KIO က လက်မခံသည့်နောက်ပိုင်း KIO/KIA အဖွဲ့ဝင်များကို စစ်ဆေးဖမ်းဆီးခြင်းများ မြန်မာစစ်အစိုးရ ပိုပြုလုပ်လာသည်။

KIO သည် မြန်မာနိုင်ငံ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များတွင် ဒုတိယ အင်အားအကြီးဆုံးဖြစ်ပြီး ပြီးခဲ့သည့်လတွင် ဖွဲ့စည်းခဲ့သော “ညီညွှတ်သောတိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ (UNFC)” ၏ အဓိကကျသည့် အဖွဲ့ဝင်လည်းဖြစ်သည်။

မြန်မာစစ်အစိုးရက KIO အား သောင်းကျန်းသူ ဟု ခေါ်ဆိုခဲ့သော်လည်း စစ်ရေးအရ တိုက်ခိုက်ချေမှုန်းခြင်း မရှိသေးပါ။

Most read this week