မိုးညှင်း ရှမ်းတံတားကို တန် ၂၀ တံတားအဖြစ် ဆောက်မည်

မိုးညှင်း ရှမ်းတံတားကို တန် ၂၀ တံတားအဖြစ် ဆောက်မည်
by -
KNG

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်ရှိ ရှမ်းကြိုးတံတားကြီး အား တန် ၂၀ ဒဏ်ခံနိုင်သည့် တံတားကြီး အဖြစ် ပြောင်းလဲ တည်ဆောက်ရန် စီစဉ်နေသည်။ ရှမ်းတံတားဟု အမည်ရသော ယင်းကြိုးတံတားကြီး ကို လွန်ခဲ့သည့် နှစ် ၄၀ ကတည်းက တည်ဆောက်ထားပြီး ...

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်ရှိ ရှမ်းကြိုးတံတားကြီး အား တန် ၂၀ ဒဏ်ခံနိုင်သည့် တံတားကြီး အဖြစ် ပြောင်းလဲ တည်ဆောက်ရန် စီစဉ်နေသည်။

mohnyin-kachinရှမ်းတံတားဟု အမည်ရသော ယင်းကြိုးတံတားကြီး ကို လွန်ခဲ့သည့် နှစ် ၄၀ ကတည်းက တည်ဆောက်ထားပြီး ယခု အခါ ခိုင်ခ့ံမှုမရှိ၊ ဆွေးမြည့်နေပြီ ဖြစ်သည်။  ထို့ကြောင့် ကွန်ကရစ် တံတားကြီးအဖြစ် ကိုယ်ထူကိုယ်ထ အစီအစဉ်ဖြင့် တည်ဆောက်ရန် ဒေသခံများ ထံမှ အလှူငွေ ကောက်ခံနေသည်ဟု တံတားတည်ဆောက်ရန် ဦးဆောင်နေသည့် ဦးဘမောင်က ပြောသည်။

“အစိုးရက ပံ့ပိုးတာ မရှိလို့ပါ။ အစိုးရကို တင်ပြတယ်။ သူတို့လည်း လာကြည့် သွားပြီ။ လေနဲ့ ကူညီ သွားတယ်၊ အဲ့လိုနဲ့ အခု ကျတော်တို့ ကိုယ်ထူကိုယ်ထနဲ့  ဝိုင်းလုပ်ကြတယ်။ အလှူခံရုံလည်း ဖွင့်ထားတယ်။”

၁၅၇ပေ ကျယ်သည့် နန့်ရင်းချောင်းကို ဖြတ်ကျော်၍ အမြင့်ပေ ၂၀၊ အကျယ် ၁၃ပေ ရှိသည့် တံတား အဖြစ် တည်ဆောက်သွားရန် စုစုပေါင်း ကျပ် သိန်း ၁၅၀၀ ခန့် ကုန်ကျနိုင်မည်ဟု ခန့်မှန်းတွက်ချက်ထားသည်။

လောလောဆယ်တွင် အလှူရှင်များ၏ စုပေါင်းထည့်ဝင်ငွေ ကျပ် သိန်း ၃၀၀ ကောက်ခံရရှိထားသည်။ ထပ်မံ လိုအပ်သည့် ငွေများအား ကျောက်စိမ်းမှော်၊ ရွှေမှော် စသည့် ရွှေနှင့် ကျောက်မျက် တူးဖော်ရေး လုပ်ငန်းများမှ သွားရောက်ကောက်ခံမည် ဖြစ်သည်ဟု ဦးဘမောင်က ဆိုသည်။

မြန်မာ အစိုးရအဆက်ဆက် အနေဖြင့် ရှမ်းတံတား စတင် တည်ဆောက်စဉ် ကတည်းမှ တစ်ကြိမ်တစ်ခါမှ ပြုပြင် ပေးခြင်းမရှိခဲ့ကြောင်းလည်း မိုးညှင်းဒေသခံများ က ဆိုသည်။

အဆိုပါ တံတားကြီးသည်  မိုးညှင်းမြို့လယ်တွင် တောင်မြောက် စီးဆင်းသည့် နန့်ရင်းချောင်းကို ဖြတ်ကျော်သည့် အချက်အချာကျသော တံတားကြီး တစ်ခုဖြစ်သည်။

အထူးသဖြင့် မြို့အရှေ့ဖက် အုတ်ကျင်းရပ်ကွက် ရှိ ဇောတိရှမ်း လူမျိုးစုများ၏ အကြီးဆုံး ဇောတိ ဘုန်းကြီးကျောင်း သို့ ဆက်သွယ်ထားသည်။

“အဓိကတော့ ဟိုတုန်းက သူတို့ အုတ်ကျင်းရပ်ကွက်ကလည်း ဇောတိ ရှမ်းနေတဲ့နေရာဖြစ်တယ်၊ ကျောင်းတက်ကျောင်းဆင်း ဘုန်းကြီးကျောင်းကို ဘာသာရေးအရ တက်နိုင်အောင် ကြိုးတံတား ဆောက်ထားတယ်။ မိုးတွင်းဆို ရေနှစ်တယ်၊ ကျောင်းမသွားနိုင်ဘူး။” ဟု မြို့မိမြို့ဖ တစ်ဦးဖြစ်သည့် ဦးဖေစိန်မှ ပြောသည်။

မိုးညှင်းမြို့နယ်တွင် နန့်ရင်းချောင်းဖြတ် တံတား လေးစင်းရှိပြီး ယင်းအနက် သုံးစင်းမှာ မြို့မိမြို့ဖများမှ ကိုယ်ထူကိုယ်ထ တည်ဆောက် ထားခြင်း ဖြစ်သည်။

Most read this week