စစ်ဖြစ်မည်ကို ကချင်လူငယ်များ မလိုလား

စစ်ဖြစ်မည်ကို ကချင်လူငယ်များ မလိုလား
by -
KNG

ကချင်ပြည်နယ် အတွင်း စစ်ဖြစ်လာမည်ကို မလိုလားကြောင်း ကချင်တမျိုးသားလုံးဆိုင်ရာ ကျောင်းသားလူငယ်များ သမဂ္ဂ (AKSYU) က ပြောဆိုလိုက်သည်။ AKSYU ၏ နှစ်နှစ်တစ်ကြိမ် ပြုလုပ်သည့် ညီလာခံမှ ထုတ်ပြန် ကြေငြာချက်တွင် ယင်းအချက်ကို အဓိက ဖေါ်ပြထားခြင်း ...

ကချင်ပြည်နယ် အတွင်း စစ်ဖြစ်လာမည်ကို မလိုလားကြောင်း ကချင်တမျိုးသားလုံးဆိုင်ရာ ကျောင်းသားလူငယ်များ သမဂ္ဂ (AKSYU) က ပြောဆိုလိုက်သည်။ AKSYU ၏ နှစ်နှစ်တစ်ကြိမ် ပြုလုပ်သည့် ညီလာခံမှ ထုတ်ပြန် ကြေငြာချက်တွင် ယင်းအချက်ကို အဓိက ဖေါ်ပြထားခြင်း ဖြစ်သည်။

မြန်မာစစ်အစိုး၏၂၀၀၈ အခြေခံဥပဒေ လူထုှဆန္ဒခံယူပွဲအား ကချင်ကျောင်းသားများ ကန့်ကွက်ခဲ့သည်။ ပုံ-ကချင်သတင်းဌာန“မြန်မာနိုင်ငံ စစ်အစိုးရ ခေတ်အဆက်ဆက်က တိုင်းရင်းသားပြဿနာနဲ့ ပတ်သက်လို့ရှိရင် နိုင်ငံရေးအရ ငြိမ်းငြိမ်းချမ်းချမ်း လက်ခံဖြေရှင်းတဲ့ဟာကို မလုပ်ပဲနဲ့ အမြဲတမ်း၊ စစ်ရေးအရ ဖြေရှင်းတာပဲ လုပ်တယ်။ အဲ့လိုလုပ်ခြင်းအားဖြင့် တိုင်းရင်းသား ဒေသတွေမှာ စစ်ပြေးဒုက္ခသည်တွေဖြစ်ရတယ်။ မိသားစု တကွဲတပြားဖြစ်ရတယ်၊ ညီအကို မောင်နှမ တကွဲတပြားဖြစ်ရတယ်၊ ဒီဟာ နှစ်ပေါင်း ၆၀ အဲ့လို ဖြစ်လာတယ်၊ အဲ့ဒါကြောင့် ကျတော်တို့က စစ်ရေးအရဖြေရှင်းတာကို ကန့်ကွက်ချင်တာပါ။” ဟု ကချင်ကျောင်းသားများ သမဂ္ဂအဖွဲ့ ဥက္ကဋ္ဌ လီယိုနာဒ်မှ ပြောသည်။

ကချင်ပြည်နယ်တွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) နှင့် မြန်မာ ဗဟိုအစိုးရကြား ၁၉၆၁ခုနှစ်မှ ၁၉၉၄ ခုနှစ်အထိ စစ်ပွဲများ ဖြစ်ပွားခဲ့ရာ ကချင်တိုင်းရင်းသား များအနေဖြင့်  တရုတ်၊ အိန္ဒိယ၊ ထိုင်း စသည့် အိမ်နီးချင်း နို်င်ငံများနှင့် ထိစပ်နေသော နယ်စပ် ဒေသတစ်လျှောက် စစ်ပြေးဒုက္ခသည်များ အဖြစ် ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။

၁၉၉၄ ခုနှစ်တွင် နှစ်ဖက် အပစ်အခတ်ရပ်စဲရေး သဘောတူခဲ့သော်လည်း ယခင်နှစ် စက်တင်ဘာလဆန်းတွင် ကေအိုင်အိုမှ နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းခြင်း မရှိသဖြင့် စစ်အစိုးရမှ သောင်းကျန်သူပုန် အဖြစ် ပြန်လည် ခေါ်ဆို သတ်မှတ်ခဲ့သည်။

လတ်တလော လပိုင်းများအတွင်း ကချင်ဒေသများတွင် စစ်အစိုးရနှင့် ကေအိုင်အို တပ်ဖွဲ့များအကြား စစ်ရေးအင်အား တိုးချဲ့မှု၊ တပ်ဖွဲ့ဝင်များကို ဖမ်းဆီးထိမ်းသိမ်းမှုများ ရှိခဲ့သဖြင့် စစ်ပြန်ဖြစ်ရန် နီးစပ်နေသည်ဟု စိုးရိမ်မှုများ ထွက်ပေါ်နေသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ မှမူ “ကေအိုင်အိုရဲ့ တာဝန်က တို့နယ်ပယ်၊ တို့ရဲ့နေရာကို စောင့်ရှောက်ဖို့၊ အဲဒီတော့ကာ  သူတို့သာ မတိုက်လာရင် ကေအိုင်အိုအနေနဲ့ ၀င်တိုက်ဖို့ ပေါ်လစီမရှိဘူး။ သူတို့ တိုက်လာမှသာ ကိုယ့်ကိုကိုယ်ကာကွယ်တဲ့အနေနဲ့ ပြန်တိုက်ဖို့ရှိတယ်။”ဟု နိုင်ငံခြားရေးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် ဂျိမ်းလွမ်းဒေါင်မှ ပြောသည်။

ကချင် တမျိုးသားလုံး ဆိုင်ရာ ကျောင်းသားလူငယ်များ သမဂ္ဂ (AKSYU) အဖွဲ့သည် ပြည်တွင်းပြည်ပ ကချင်လူငယ် အဖွဲ့အစည်းများ စုပေါင်းဖွဲ့စည်းထားပြီး ထို်င်းနိုင်ငံ အခြေစိုက် နိုင်ငံရေး လုပ်ရှားနေသည့် အဖွဲ့အစည်း ဖြစ်သည်။

၂၀၀၈ ခုနှစ် ပြည်လုံးကျွတ် လူထုဆန္ဒခံယူပွဲ မတိုင်မီကတည်းကပင် ဖွဲ့စည်းပုံအခြေခံဥပဒေကိုဆန့်ကျင်သည့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ ကချင်လူထုအား ပညာပေးဟောပြောခြင်း၊ ရွေးကောက်ပွဲ ဆန့်ကျင်သည့် ဂီတသီချင်းများ ဖြန့်ဝေခြင်းများကို အစဉ်တစိုက် လုပ်ဆောင်ခဲ့ပါသည်။

Most read this week