ရှမ်းပြည် ငလျင်ကြောင့် အနည်းဆုံး လူ ၄၀ ကျော်သေဆုံး

ရှမ်းပြည် ငလျင်ကြောင့် အနည်းဆုံး လူ ၄၀ ကျော်သေဆုံး
by -
ဇော်ကြီး

ထိုင်း၊ မြန်မာ နှင့် လော နယ်စပ် တလျှောက်တွင် ယမန်နေ့ည က စတင် လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ် ကြောင့် ရှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ် အတွင်း အပျက်အစီး များပြားပြီး ယနေ့ မနက် စောစောပိုင်း အထိ ရရှိ ...

ထိုင်း၊ မြန်မာ နှင့် လော နယ်စပ် တလျှောက်တွင် ယမန်နေ့ည က စတင် လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ် ကြောင့် ရှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ် အတွင်း အပျက်အစီး များပြားပြီး ယနေ့ မနက် စောစောပိုင်း အထိ ရရှိသည့် သတင်းများအရ အနည်းဆုံး လူ (၄၀) ကျော် သေဆုံးခဲ့ သည်ဟု ဒေသခံများက ပြောသည်။

“တာလေက အိမ်(၄၅) လုံးပြို တယ်။ လူအယောက် နှစ်ဆယ်လောက်သေတယ်။ မိုင်းလင်းက လူ (၂၁) ယောက်သေတယ်။ တာချီလိတ်မှာက နှစ်ယောက်သေတယ်။ တချို့အိမ်တွေ မြေကြီးထဲ ကျွံသွားတယ်လေ။” ဟု တာချီလိတ် မြို့ခံ တစ်ယောက် က ပြောသည်။

ယမန်နေ့ည ဒေသ စံတော်ချိန် ည (၈) နာရီ (၂၅) မိနစ်က ရစ်ချက်တာ စကေး ၆.၈ ပြင်းအားရှိ ငလျင်တစ်ခု တာချီလိတ်မြို့၏ မြောက်ဖက် မိုင် (၂၀) ခန့် အကွာကို ဗဟိုပြု လှုပ်ခတ်ခဲ့ကြောင်း အမေရိကန် ဘူမိဗေဒ တိုင်းတာရေးဌာန ၏ အင်တာနက် စာမျက်နှာတွင် ဖေါ်ပြထားသည်။

တာချီလိတ်မြို့ပေါ်ရှိ အစိုးရ အဆောက်အဦးများ အပါအဝင် တာချီလိတ်နှင့် ကျိုင်းတုံ ဆက်သွယ် ထားသည့် တာလေတံတား ငလျင်ဒဏ် ခံခဲ့ရသည့် အတွက် တာချီလိတ်နှင့် တာလေမြို့နယ်ခွဲ အကြား သွားလာရန် အခက်အခဲ ဖြစ်နေသည်ဟု ၎င်း ဆက်လက်ပြောဆိုသည်။

“မြေစာရင်းရုံး တို့ ဆက်သွယ်ရေးရုံး တို့ အကုန်ပြို တယ်။ နောက်တခါ တာလေတံတား ပေ့ါနော်။ သူက ငါးပေလောက် ကျွံကျသွားတယ်။ နောက်တခါ အက် သွားတယ်။ အက်သွားတယ် ဆိုတော့ အခု ကျိုင်းတုံဖက်ကို သွားမယ့် ကားတွေကို ပေးမသွားဘူး။ ဟိုက လာတဲ့ဟာတွေကိုလည်း ဒီဖက်ကို လာလို့ မရဘူး။ အခုက ဆေးရုံမလောက်ဖူး။ ဒီကနေသွားတဲ့ အဖွဲ့တွေကလည်း ဆေးရုံက ဟိုဖက်အခြမ်းမှာ ဆိုတော့လေ အဲဒီက လူနာတွေက ဒီဖက်ကို လာဖို့ ခက်နေတယ်။”

တာလေမြို့နယ်သည် တာချီလိတ်နှင့် ကျိုင်းတုံကြားတွင် တည်ရှိပြီး ငလျင်ဒဏ်ကြောင့် မြို့နယ်တွင်းရှိ မိုင်းလင်းကျေးရွာ ၌လည်း ဘုန်းကြီးကျောင်း ငါးကျောင်းလည်း ပြိုကျပျက်စီးခဲ့ရသည်။  

ငလျင်ကြောင့် ကျိုင်းတုံ မြို့ပေါ်တွင်လည်း ထိခိုက်မှုများရှိပြီး ဖုန်းဆက်သွယ်မှု ပြတ်တောက်နေဆဲ ဖြစ်သည်ဟု သိရသည်။ ကျိုင်းတုံမြို့သည် ငလျင် ဗဟိုပြု လှုပ်ခတ်သည့် နေရာနှင့် (၃၅)မိုင်ခန့် ကွာဝေးသည်။

ယမန်နေ့ညက ငလျင်ကြီး အပြီး နောက်ဆက်တွဲ ငလျင်ငယ်များ ယနေ့ နံနက် (၇)နာရီ အချိန်ခန့်ထိ အကြိမ်ပေါင်း နှစ်ဆယ်ခန် လှုပ်ခတ်ခဲ့သည်။ ထို့အတွက် တာချီလိတ်မြို့ခံများ ကြောက်ရွံ့ ထိတ်လန့်နေပြီး နေအိမ်များတွင် မအိပ်ရဲသဖြင့် လမ်းမပေါ် နှင့် အကာအရံ မဲ့သည့် ကွင်းပြင်များတွင် သွားရောက် နေထိုင်ကြသည် ဟု သိရသည်။

Most read this week