SSA-N ကို တိုက်ရန် ပြည်သူ့စစ် တပ်ဖွဲ့များ စည်းရုံးခံရ

SSA-N ကို တိုက်ရန် ပြည်သူ့စစ် တပ်ဖွဲ့များ စည်းရုံးခံရ
by -
ဇော်ကြီး

ရှမ်းပြည်တပ်မတော် မြောက်ပိုင်း SSA-N တပ်မဟာ(၁) တပ်ဖွဲ့များအား ထိုးစစ်ဆင်တိုက်ခိုက်ရန် အရှေ့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (ရမခ) တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်ဇောက ဌာနေပြည်သူ့စစ် တပ်ဖွဲ့များ ...

ရှမ်းပြည်တပ်မတော် မြောက်ပိုင်း SSA-N တပ်မဟာ(၁) တပ်ဖွဲ့များအား ထိုးစစ်ဆင်တိုက်ခိုက်ရန် အရှေ့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (ရမခ) တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်ဇောက ဌာနေပြည်သူ့စစ် တပ်ဖွဲ့များအား စည်းရုံးပြောဆို မှုများရှိသည်ဟု ဒေသတွင်း သတင်းများကဆိုသည်။

လားရှိုးအခြေစိုက် ရမခ တိုင်းမှူးက ၎င်းတို့ ထိန်းချုပ် နယ်မြေအတွင်းရှိ ဌာနေပြည်သူ့စစ် တပ်အဖြစ် ပြောင်းလဲဖွဲ့စည်း ထားသည့် ရှမ်း၊ ကချင်၊ ပအိုဝ်း နှင့် လားဟူ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကို လွန်ခဲ့သည့် ငါးရက်ခန့်က ခေါ်ယူ ပြောဆိုခဲ့ခြင်း ဖြစ်သည်ဟု စစ်အစိုးရနှင့် နီးစပ်သည့် မိန်းကိုးကုန်သည် တစ်ဦးက ပြောသည်။

“အခု ရှမ်းရယ်၊ ကေဒီအေ ရယ်၊ ပအို၀်းရယ် နောက် လားဟူရယ်၊ နောက် တပ်မဟာ(၇)၊ တပ်မဟာ(၃) အဖွဲ့ရယ် အစည်းအဝေး သွားတက််တယ်တဲ့။ တိုင်းမှူးနဲ့ မိတ်ဆက်ပေးတာပေ့ါ။ လားရှိုးတိုင်းမှူး က သူတို့ကို ပြန်ပြီးတော့ စည်းရုံးတယ် လို့ပြောတယ်။ ခင်ဗျားတို့လိုတာရှိရင် ပြောပါ။ ကျနော်အားလုံးကူညီပေးမယ်။ အဲလိုပြောတယ်တဲ့။”  

ပြည်သူ့စစ် တပ်ဖွဲ့စည်းရေးကို လက်ခံထားသည့် SSA-N တပ်မဟာ(၃)နှင့် တပ်မဟာ(၇) တပ်ဖွဲ့များက ရ.မ.ခ တိုင်းမှူးကို သွားရောက် တွေ့ဆုံခဲ့ကြရာတွင်၊ နအဖ နှင့် SSA-N တပ်မဟာ(၁) တပ်ဖွဲ့ အကြား တိုက်ပွဲ ဖြစ်ပွားလာပါက ၀င်မစွက်ရန် တိုင်းမှူးက ပြောဆိုခဲ့သည်ဟု ရှမ်းပြည်အရေး စောင့်ကြည့် လေ့လာနေသည့် သျှမ်းသံတော်ဆင့်သတင်း အယ်ဒီတာ ဦးစိန်ကြည်က ပြောသည်။

“တပ်မတော်က ၀မ့်ဟိုင်းအဖွဲ့ကို ထိုးစစ်ဆင်တိုက်ခိုက်တဲ့ အချိန်မှာ ခင်ဗျားတို့ စိန်ကျောက် ပြည်သူ့စစ်က သွားမရှုပ်နဲ့၊ ၀င်ပြီးတော့ မစွက်နဲ့၊ သူတို့နဲ့ ခိုးကြောင် ခိုးဝှက်ဆက်သွယ်တာတွေ သတင်းပို့တာတွေ မလုပ်ရဘူး။ သိလို့ရှိရင် ခင်ဗျားတို့ကို အရေးယူရလိမ့်မယ်ပေ့ါ။”

ယခု လဆန်းက အလားတူ တွေ့ဆုံစဉ်ကမူ တပ်မဟာ(၃)နှင့် တပ်မဟာ(၇)တို့က စစ်အစိုးရ နှင့် ပူးပေါင်း ကူညီရန် ငြင်းဆို ခဲ့သည်ဟုလည်း ဦးစိန်ကြည်က ပြောသည်။

နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်မခံ ငြင်းဆန်ထားသည့် SSA-N တပ်မဟာ(၁) တွင် တပ်ဖွဲ့ဝင် အင်အား သုံးထောင်ကျော် ရှိပြီး ယင်းဒေသတဝိုက်၌ စစ်အစိုးရ တပ်ရင်း(၂၀)ခန့် က ဖြတ်လေးဖြတ် စစ်ဆင်ရေးဖြင့်  တပ်မဟာ(၁) ဌာနချုပ် အခြေစိုက်ရာ ၀မ့်ဟိုင်းကျေးရွာ ပတ်ဝန်းကျင်တဝိုက်တွင် လှုပ်ရှားနေသည်ဟု သိရသည်။

တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအား စစ်အစိုးရက နယ်ခြားစောင့်တပ်နှင့် ဌာနေပြည်သူ့စစ်တပ် ဖွဲ့စည်းရန် ၂၀၁၀ ခုနှစ် ဧပြီလကတည်းက ဖိအားပေး ပြောဆိုရာတွင်၊ စက်တင်ဘာလ နောက်ဆုံးထား အကြောင်းပြန်ရန်နှင့် လက်မခံပါက မတရားအသင်း အဖြစ် ကြေငြာမည်ဟု ပြောဆိုခဲ့သည်။

ထိုစဉ်က ရှမ်းပြည်တပ်မတော် မြောက်ပိုင်းရှိ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအနက် SSA-N တပ်မဟာ(၃)နှင့် တပ်မဟာ(၇) အပါအဝင် အင်အားနည်းသည့် ဒေသခံ တိုင်းရင်းသားအဖွဲ့အချို့က ဌာနေပြည်သူ့စစ် တပ်ဖွဲ့အဖြစ် အသွင်ပြောင်း ခဲ့သော်လည်း SSA-N တပ်မဟာ(၁) တပ်ဖွဲ့က လက်မခံငြင်းဆန်ခဲ့သည်။

ယခုလ (၁၃) ရက်မှ (၂၀)ရက်နေ့ အထိ SSA-N တပ်မဟာ(၁) တပ်ဖွဲ့နှင့် စစ်အစိုးရတို့ ဒေသတွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး  လတ်တလောတွင် ပြန်လည်ငြိမ်သက် နေသော်လည်း၊ စစ်အစိုးရက ပြင်းထန်သည့် ထိုးစစ်များ ပြန်လည် ဆင်နွှဲ လာနိုင်သည်ဟု စစ်ရေး အကဲခတ်များက ပြောဆိုသည်။

Most read this week