နောက်ဆက်တွဲ ငလျင်ငယ်များကြောင့် တာချီလိတ် ဒေသခံများ စိုးရိမ်ပူပန်နေ

နောက်ဆက်တွဲ ငလျင်ငယ်များကြောင့် တာချီလိတ် ဒေသခံများ စိုးရိမ်ပူပန်နေ
by -
KNG

ရှမ်းပြည်နယ် အရှေ့ခြမ်း ဒေသများတွင် ယမန်နေ့ ညက ရစ်ချတ်တာစကေး ၆ ဒဿမ ၈ ရှိသည့် အင်အားပြင်း ငလျင် လှုပ်ခတ် ခဲ့ပြီးနောက် ငလျင်ငယ်များ ဆင့်ကဲ လှုပ်ခဲ့သည့် အတွက်၊ အဆောက်အဦများ ...

ရှမ်းပြည်နယ် အရှေ့ခြမ်း ဒေသများတွင် ယမန်နေ့ ညက ရစ်ချတ်တာစကေး ၆ ဒဿမ ၈ ရှိသည့် အင်အားပြင်း ငလျင် လှုပ်ခတ် ခဲ့ပြီးနောက် ငလျင်ငယ်များ ဆင့်ကဲ လှုပ်ခဲ့သည့် အတွက်၊ အဆောက်အဦများ ထပ်မံ ပြိုကျလာမည်ကို တာချီလိတ် ဒေသခံများ က အလွန်အမင်း စိုးရိမ်နေကြသည်။

ငလျင် ထပ်လှုပ်လာမည်ကို စိုးရိမ်မှုကြောင့် မြက်ခင်းပြင်တွင် စုနေကြသော တာချီလိတ် ဒေသခံများ။ယနေ့ ည ပိုပြင်းထန်မည့် ငလျင်များ ထပ်လှုပ် နိုင်ကြောင်း ကောလဟာလများလည်း ထွက်ပေါ်နေသည်။ လူအများ ထိတ်လန့် နေကြပြီး ဘောလုံးကွင်း၊ ကျောင်းဝင်းထဲရှိကွင်းပြင်များနှင့် လမ်းမ များပေါ် ရောက်ရှိ နေကြသည်ဟု တာချီလိတ်မြို့မှ စျေးသည်တဦး ကပြောသည်။

၎င်းက “အခု ကွင်းပြင်ကြီးမှာ၊ ပြန်လှုပ်မယ်ဆိုပြီး လိုက်အော် နေကြတယ်၊ အဲ့ဒါကြောင့် အိမ်မှာ မနေရဲလို့ ကွင်းမှာ နေတာ၊ လမ်းလည်းလျှောက်လို့ မရတော့ဘူး၊ ခြေတွေတုန်လိုု့” ဟု ပြောသည်။

မြန်မာစံတော်ချိန် ည ၈ နာရီခွဲ ၌ ငလျင် ဗဟိုပြု လှုပ်ခဲ့သည့် လွယ်မွေရွာသည် ရှမ်းပြည်နယ် တာချီလိတ်မြို့နယ်၏ အရှေ့မြောက်ဘက် မိုင် ၂၀ ခန့်၊ ကျိုင်းတုံမြို့နယ်၏ အရှေ့ဘက် ၃၆ မိုင်အကွာ တွင်ရှိသည်။

ယနေ့ ညနေ ၆ နာရီ အထိရရှိသည့် သတင်းများအရ ငလျင်ကြောင့် တာချီလိတ်မြို့နယ်တွင်းရှိ တာလေ နှင့် မိုင်းလင်း မြို့နယ်ခွဲများတွင် အဆောက်အဦများ ပြိုကျ ပျက်စီးမှုကြောင့် အနည်းဆုံး လူ တရာကျော် သေဆုံးခဲ့ပြီဖြစ်ကြောင်း ဒေသတွင်းမှ လာသော သတင်းများက ဆိုသည်။

ထို့အပြင် တာလေ နှင့် တာချီလိတ် ကို ဆက်သွယ် ထားသည့် တာလေတံတားလည်း ငလျင်ဒဏ်ကြောင့် နိမ့်ကျ ပျက်စီး သွားသဖြင့် ကျိုင်းတုံဘက်မှ ဒဏ်ရာရလူနာများ အနေဖြင့် တာချီလိတ်ဘက်သို့ ကူးလာရန် ခက်ခဲနေသည်ဟု ဒေသခံတဦးကပြောသည်။

“ကျိုင်းတုံကို သွားမယ့် ကားတွေကို ပေးမသွားဘူး၊ ကျိုင်းတုံက လာမယ့်ဟာတွေလည်း လာလို့မရဘူး၊ အဲ့ဒီမှာရှိတဲ့ လူနာတွေကလည်း ဒီကို လာဖို့ ခက်နေတယ်။” ဟု ပြောသည်။

ငလျင် လှုပ်ခတ်မှုကို ရှမ်းပြည်နယ်တခွင် သာမက ရန်ကုန်၊ မန္တလေး၊ ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဒေသများ နှင့် ဗီယက်နိုင်ငံ မြို့တော်ဟနွိုင်း မြို့များ အထိ ခံစားခဲ့ကြ ရသည်ဟု ဒေသဆိုင်ရာ သတင်းများတွင် ဖေါ်ပြထားသည်။

Most read this week