လေဆင်နှာမောင်း နှင့် လေပြင်းများ ထပ်မံဖြစ်ပေါ်နိုင်

လေဆင်နှာမောင်း နှင့် လေပြင်းများ ထပ်မံဖြစ်ပေါ်နိုင်
by -
ဇော်ကြီး

မြန်မာပြည်အောက်ပိုင်း ဒေသအချို့တွင် လေဆင်နှာမောင်းအဆင့်ရှိ လေပြင်းနှင့် မိုးကြိုး ပစ်မှုများ ဖြစ်ပွားလာနိုင်ဖွယ် ရှိသည်ဟု မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဦးထွန်းလွင်ကပြောသည်။ ...

မြန်မာပြည်အောက်ပိုင်း ဒေသအချို့တွင် လေဆင်နှာမောင်းအဆင့်ရှိ လေပြင်းနှင့် မိုးကြိုး ပစ်မှုများ ဖြစ်ပွားလာနိုင်ဖွယ် ရှိသည်ဟု မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဦးထွန်းလွင်ကပြောသည်။

ယခုလလယ်မှ မေလဆန်းပိုင်းအထိ မြေအပူရှိန် ပြင်းထန်သည့် ရန်ကုန်၊ ပဲခူးနှင့် ဧရာဝတီတိုင်း ဒေသများတွင် လေပြင်း တိုက်ခတ်မှု ဖြစ်ပေါ်စေမည့် အန္တရာယ်ရှိသည့် မိုးတိမ်တောင်များ ဖြစ်ထွန်းလာနိုင်ကြောင်း ဦးထွန်းလွင်က ခန့်မှန်း ပြောဆိုသည်။   

“ရာသီကလည်း ပူပြင်းတဲ့ ရာသီ၊ နောက်ဟိုဖက်ကလည်း လာနီညာဖြစ်တော့ လေကလည်း ရေငွေ့ပါ၊ အောက်က မြေကြီးကပူ၊ နှစ်ခုသွားပြီးတော့ ကြံုကြိုက်ရင် မိုးတိမ်တောင် ဖြစ်ဖို့ကတော့ သေချာသလောက်ဖြစ်တယ်”   

ထို့အပြင် ကရင်ပြည်နယ် မြောက်ပိုင်း၊ မွန်ပြည်နယ် မြောက်ပိုင်းနှင့် အထက် မြန်မာပြည်ရှိ မကွေးနှင့် မန္တလေးတိုင်းတို့တွင်လည်း အလားတူ ဖြစ်ပွားနိုင်သည်ဟု သိရသည်။

ယင်းမိုးတိမ်တောင်များမှာ မွန်းလွဲပိုင်းနှင့် ညနေပိုင်း အချိန်များတွင် အားကောင်းစွာ ဖြစ်ပေါ် တတ်သည့် အတွက် လယ်ကွင်းပြင် ကဲ့သို့ အကာအရံမဲ့ နေရာများတွင် ရောက်ရှိ အလုပ်လုပ် နေသူများအနေနှင့် ပို၍ ဂရုစိုက်သင့်သည်ဟု ဦးထွန်းလွင်က ပြောသည်။

“လယ်ကွင်းထဲမှာ မတ်တပ်ရပ်ပြီးတော့ လုပ်တဲ့ သူတယောက် အနေနဲ့ အနားမှာ မိုးတိမ်တောင် ဖြစ်နေရင် မိုးကြိုးပစ် အန္တရာယ် ရှိတယ်ဆိုတာရယ်၊ ညနေပိုင်းတွေမှာ မြစ်တွေ ချောင်းတွေထဲမှာ သွားလာတဲ့ ရေယာဉ်တွေ ရုတ်တရက် လေပြင်းကျပြီး တိမ်းမှောက်တတ်တဲ့ အတွေ့အကြံုတွေ အရင်က ရှိခဲ့ဘူးတဲ့အတွက် သတိထားဖို့ရယ်။ နောက် လေဆင်နှာမောင်း ဖြစ်တတ်တဲ့ သဘာဝ ရှိတာရယ်ကြောင့် မိုးတိမ်တောင် ဖြစ်မဖြစ် ပါတ်ဝန်းကျင်ကို  အမြဲအကဲခတ်သင့်တယ်”

ယခုလ ၂၂ ရက်နေ့မှ ၂၆ ရက်တွင်လည်း တရုတ်ပြည် မြောက်ပိုင်း၌ ဖြစ်ပေါ်နေသည့် လေဖိအားများ ရပ်ဝန်းကြီး ပိုမို အားကောင်း လာမှုကြောင့် လေဖိအားများ တောင်ကုန်း (Ridge)တခု ဖြစ်ပေါ်လာနိုင်ပြီး အင်ဒိုချိုင်းနား ကျွန်းဆွယ် အရှေ့ပိုင်းနှင့် တောင်ပိုင်းဒေသများ သို့ တိုးဝင်လာနိုင်သည်ဟု ဦးထွန်းလွင်၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

ယင်းအရှိန်ကြောင့် မြန်မာနိုင်ငံ တောင်ပိုင်း ဒေသများတွင် မိုးတိမ်တောင်များ ဖြစ်ပေါ်လာနိုင် သော်လည်း မြန်မာနိုင်ငံတောင်ဖက် ခြမ်းတွင်သာ အန္တရာယ် ရှိနိုင်ကြောင်း ယင်းစာမျက်နှာတွင် ဖော်ပြထားသည်။

ယခင်အပတ်က ရန်ကုန်နှင့် ဧရာဝတီတိုင်းအတွင်း တိုက်ခတ်ခဲ့သည့် လေပြင်းကြောင့် အိမ်ခြေ တစ်ရာကျော် ပြိုကျပျက်စီး ခဲ့သည်ဟု ယခုလ ၁၃ ရက်နေ့ထုတ် မြန်မာ့ အလင်း သတင်းစာ၌ ဖော်ပြထားသည်။

ယင်းလေပြင်းသည် တနာရီလျှင် မိုင်(၆၀)ကျော်ထိ တိုက်ခတ်ခဲ့သည့် အတွက် မိုးသက်လေပြင်းနှင့် စိုက်ဆင်းလေပြင်း နှစ်မျိုး ပေါင်း၍ တိုက်ခတ်ခြင်း ဖြစ်နိုင်သည်ဟု ဦးထွန်းလွင်က ပြောသည်။

ယင်းလေပြင်းကြောင့် ပင်လယ်ပြင်အတွင်း တံငါလုပ်ငန်း လုပ်ကိုင်နေသည့် ငါးဖမ်းလှေများနှင့် ပုဇွန်ဖောင်များ နစ်မြုတ်ပျက်စီး ခဲ့ပြီး ပျောက်ဆုံးနေသူ စာရင်းကို အတည်ပြု၍ မရသေးသော်လည်း ရေလုပ်သား သုံးထောင်ကျော်အား ကယ်တင်နိုင်ခဲ့ပြီဟု ယမန်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြထားသည်။

Most read this week