ကချင် မျိုးနွယ်စုများ နှစ် ၅၀ ကျော်အတွင်း ပထမဆုံး “ရိုးရာ” မနောပွဲတော် ကျင်းပ

ကချင် မျိုးနွယ်စုများ နှစ် ၅၀ ကျော်အတွင်း ပထမဆုံး “ရိုးရာ” မနောပွဲတော် ကျင်းပ
by -
Seng Ja

မတူကွဲပြား ခြားနားနေသည့် ကချင်တိုင်းရင်းသား မျိုးနွယ်စုများ ပါ၀င်ဆင်နွှဲသည့် “ရိုးရာ” မနောပွဲတော်ကို နှစ်ပေါင်း ၅၀ကျော် အတွင်း ပထမဆုံးအကြိမ် အဖြစ် ကချင်ပြည်နယ်တွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ ...

မတူကွဲပြား ခြားနားနေသည့် ကချင်တိုင်းရင်းသား မျိုးနွယ်စုများ ပါ၀င်ဆင်နွှဲသည့် “ရိုးရာ” မနောပွဲတော်ကို နှစ်ပေါင်း ၅၀ကျော် အတွင်း ပထမဆုံးအကြိမ် အဖြစ် ကချင်ပြည်နယ်တွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။

 ကချင်ပြည်နယ်အရှေ့ဘက် ဗန်းမော်ခရိုင်၊ ကချင်လွတ်မြောက်ရေးအဖွဲ့(KIO) ထိန်းချုပ်နယ် အင်ဘာပါတွင် ပထမဆုံး ကချင် မျိုးနွယ်စုများ၏ ရိုးရာမနောပွဲတော်အား ၃ ရက်ကြာ ကျင်းပခဲ့သည်။“၁၉၅၈ခုနှစ် အစောပိုင်းကတော့ ရိုးရာပွဲ လုပ်ခဲ့ကြတယ်၊ ပွဲကြီးတော့ မလုပ်ဖူးဘူး၊ ဒီလိုရိုးရိုး မနောပွဲပဲ လုပ်ခဲ့တာ၊ ဒီနှစ်ပွဲက အကြီးဆုံး လုပ်နိုင်ခဲ့တယ်။ ကချင်တိုင်းရင်းသား လူမျိုးစုများရဲ့ ရိုးရာ အကုန်ပါတဲ့ မနောပွဲတော်ကြီး တစ်ခုပါ” ဟု တရုတ်နိုင်ငံ ရွှေလီမြို့ ဂျိန်းဖော့(ကချင်) ရိုးရာ ယဉ်ကျေးမှု ကော်မတီမှ ဥက္ကဋ္ဌ ဒူဝါဂေါင်ရီဂမ်မှ ပြောသည်။

ရဝမ်၊ လီဆူ၊ လချိတ်၊ လောင်ဝေါ်၊ ဂျိန်းဖော့၊ ဇိုင်ဝါး စသည့် ကချင်တိုင်းရင်းသား မျိူးနွယ်စုများ၏ ရိုးရာဓလေ့ နှီးနှော ဖလှယ်သည့် မနောပွဲတော်ကြီးကို ကချင်ပြည်နယ် အရှေ့တောင်ပိုင်းရှိ ဗန်းမော်ခရိုင် တရုတ်နယ်စပ် အနီး အင်ဘာပါ ကျေးရွာတွင် မတ် ၂၂ ရက် အထိ ၂ ရက်ကြာ ကျင်းပခဲ့ခြင်း ဖြစ်သည်။

နိုင်ငံရေး၊ ဘာသာရေး အယူအဆများ ရှေ့တန်းမတင်ပဲ အနယ်နယ် အရပ်ရပ်မှ ကချင် မျိုးနွယ်စုများ စုစည်းညီညွတ်ရေး တစ်ခုတည်းကို ဦးတည်ကာ  အင်ဘာပါမှ ရပ်မိရပ်ဖ မီတုံ့ ဘရန်ဆိုင်း နှင့် ဂွမ်းတူး တို့မှ ဦးဆောင် ကျင်းပခဲ့သည်။

“ပွဲ ရည်ရွယ်ချက်က ကျတော်တို့ မျိုးနွယ်စု စုစည်းဖို့ရန် အတွက်ဖြစ်တယ်၊ ကျတော်တို့ ဘာသာရေးအရ ကွဲလွဲနေတယ်၊ အဖွဲ့အစည်း အရလည်း ကွဲနေကြတယ်၊ ဘယ်လိုမှ စုစည်းလို့ မရဘူး၊ အဲ့ဒါကြောင့် ရိုးရာထဲမှာဆိုတော့ မနောပွဲက အကြီးဆုံးပဲ၊ ကျတော်တို့ ဘိုးဘေးကတည်းက ဆင်းသက်လာတဲ့ မနောပွဲကို ကျင်းပကြတာ” ဟု မြစ်ကြီးနား ကချင်ရိုးရာယဉ်ကျေးမှုဗဟို ကော်မတီမှ အမည်မဖေါ်လိုသည့် အဖွဲ့ဝင် တစ်ဦးက ပြောသည်။

ပွဲတက်ရောက်သူ စုစုပေါင်း (၈) ထောင်ကျော် ရှိသည့်အနက် တရုတ်ပြည်ဖက်ခြမ်းမှ လာရောက်သူ (၄) ထောင်ကျော် ရှိသည်ဟု သိရသည်။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံဘက်မှ ရွှေလီမြို့ ကချင်ရိုးရာ ယဉ်ကျေးမှုကော်မတီမှ ဒူဝါဂေါင်ရီဂမ်(အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ အငြိမ်းစား)၊ တယ်ဟုတ်တိုင်း လုံရှန်မြို့မှ ဒူဝါ ဂျန်မော်နော (ခရိုင်အဆင့် တရားရေး ဥက္ကဋ္ဌ)၊ ခူရုပ်မြို့မှ ဒူဝါဆွတ်လွတ်ဂွမ်မော် တို့ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံဘက်မှ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ် အတွင်းရှိ ကချင်မျိုးနွယ်စုများ စုံညီစွာ တက်ရောက်ခဲ့သည်။

“ပွဲထဲမှာအဓိကတော့ ဘာသာရေး၊ နိုင်ငံရေး လုံးဝ မပြောခိုင်းဘူး၊ ရိုးရာယဉ်ကျေးမှုကို ပြောခိုင်းတယ်၊ ဘိုးဘေးစဉ်ဆက် ရိုးရာကို ဘယ်လို လုပ်ဆောင်သွားမှာလဲ ဆိုတာပဲ ဆွေးနွေးခိုင်းတယ်၊ ဒီပွဲက ဘာသာရေး၊ နိုင်ငံရေး မပါတာကြောင့် ကချင်တိုင်းရင်းသား မနောပွဲက အရမ်းကောင်းတဲ့ ကချင်ပြည်သူတွေ ကြိုက်နှစ်သက်ကြပါတယ်၊” ဟု ဒူဝါဂေါင်ရီဂမ်မှ ပြောသည်။

အဆိုပါပွဲကို ကျင်းပခဲ့သည့် အင်ဘာပါ ကျေးရွာသည် ၁၈၇၄ ခုနှစ်က ကချင်လူမျိုးများ အတွက် ကချင်ဘာသာစာပေကို အမေရိကန် နှစ်ခြင်းသာသနာပြုဆရာ Rev. Dr. Ola Hanson ပေးခဲ့သည့် သမိုင်းဝင် နေရာဖြစ်ကာ ဆရာတော်နှင့်အတူ ခရစ်ယာန်သမ္မာကျမ်းစာကို ကချင်ဘာသာသို့ ပြန်ဆိုစဉ်ပါ၀င်ကူညီခဲ့သော ဆရာတော် မော်စကို ဂျန်မာမုန်ရှောင်၏ အုတ်ဂူ တည်ရှိသည့် နေရာလည်း ဖြစ်သည်။

nbapa-manau-kachinကချင်ပြည်နယ်အရှေ့ဘက် ဗန်းမော်ခရိုင်၊ ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO) ထိန်းချုပ်နယ် အင်ဘာပါတွင် ပထမဆုံး ကချင် မျိုးနွယ်စုများ၏ ရိုးရာ မနောပွဲတော်အား ၃ ရက်ကြာ ကျင်းပခဲ့သည်။

ထို့အပြင် ကချင် တိုင်းရင်းသားများ၏ ပထမဦးဆုံး ရိုးရာစတင်ဦးမော့ ဖြစ်ပေါ်လာသည့် နေရာလည်း ဖြစ်သည်။

“အဲဒီကျေးရွာကနေ ပုလွေ၊ တေးသံစဉ်တွေက ကချင်ရိုးရာဟာ ကမ္ဘာကို ပြန့်လာတာဖြစ်တယ်၊ ကချင်ရိုးရာ အစဖြစ်လာတဲ့ နေရာပေ့ါ၊ ဒီမနောပွဲမှာ အရှုပ်အယှက်မရှိပဲ အောင်မြင်စွာ ပြီးစီး နိုင်ခဲ့တယ်၊ ကချင်တိုင်းရင်းသားတွေကို တွေ့ရတာ တကယ်ဝမ်းသာမိပါတယ်။” ဟု မြစ်ကြီးနားမြို့ ရိုးရာ ဗဟို ကော်မတီ အဖွဲ့ဝင်မှ ဆက်ပြောသည်။

ရိုးရာ မနောပွဲသို့ မြန်မာနိုင်ငံ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် တရုတ်နိုင်ငံဘက်မှ ကချင်လူငယ် အများအပြား တက်ရောက် ခဲ့ကြပြီး၊ ရိုးရာ ဗုံတီးသံ၊ မောင်းတီးသံ၊ တောင်ယာ၊ လယ်ယာခုတ်သည့် ပုံစံများကို တွေ့မြင်ခဲ့ရသဖြင့် အားတက် ပျော်ရွှင်ခဲ့သည်ဟု လူငယ်များက ဆိုသည်။

Most read this week